၃၀.၁၁.၂၀၂၄
Written By Zun
တောင်ဒဂုံတွင် ဖြစ်ပွားခဲ့သော အလောင်းပြန်ဖော်စစ်ဆေးခဲ့ရသည့် အများစိတ်ဝင်စားရာလူသတ်မှုဖြစ်စဥ်မှ အသက် (၁၇) နှစ်အရွယ် ဒသမတန်းကျောင်းသူမထက်ထက်လှိုင်သေဆုံးခဲ့သည့်ဖြစ်စဉ်တွင် မွေးစားမိဘနှစ်ပါးအပါအဝင် အဖမ်းခံရသူ ၃ ဦး အနက် နှစ်ဦးကို ထောင်ဒဏ် အနှစ် ၂၀ စီ ချမှတ်ကာ တစ်ဦးကို တရားရှင် လွှတ်ပေးခဲ့ကြောင်း သေဆုံးခဲ့သူ၏ မိသားစုဝင်များက MT News ကို အတည်ပြုပြောဆိုသည်။
အဆိုပါ မထက်ထက်လှိုင်သေဆုံးမှုတွင် မထက်ထက်လှိုင် ၏ မွေးစားဖခင်လည်းဖြစ်၊ ဘကြီးအရင်းလည်းဖြစ်သော ဦးဇော်အောင် (ခ) ပေါ်စူးနှင့် ဇနီးဖြစ်သူ ဒေါ်မချို (ခ)စောင်းသလား၊ ယင်းတို့ နှစ်ဦး၏ မွေးစားသား စည်သူအောင်(ခ) ပတ်ရဆန်းတို့ကို အခင်းဖြစ်ပြီး ၅ ရက်ခန့်အကြာတွင် သက်ဆိုင်ရာက အမြန်လမ်း၌ ဖမ်းဆီးမိကြောင်း ဇွန်လ ၉ ရက်က MT News တွင် ဖော်ပြခဲ့ပြီးလည်း ဖြစ်သည်။
“အခုက အင်းစိန် အကျဉ်းထောင်စစ်ခုံရုံးက ဦးဇော်အောင် (ခ) ပေါ်စူးနဲ့ ဇနီးဖြစ်သူ ဒေါ်မချို (ခ)စောင်းသလားတို့ နှစ်ယောက်ကို နိုဝင်ဘာလ ၂၈ ရက်မှာ ထောင် အနှစ် ၂၀ စီချလိုက်တာ။ သူတို့ရဲ့ မွေးစားသားကတော့ တရားရှင်လွတ်သွားတယ်။ လူသတ်မှုဆိုတာကို စစ်ဆေးပေါ်ပေါက်လို့၊ ဒါမှမဟုတ် ကိုယ်တိုင်ဝန်ခံလို့ ထောင်ချလိုက်တာ ဖြစ်မယ်ထင်ပါတယ်”ဟု သေဆုံးသူဘက်က လိုက်ပါကူညီသူတစ်ဦးက MT News ကို ပြောသည်။
ယင်းအမှုမှာ ပြီးခဲ့သည့် ဇူလိုင်လ (၄) ရက်က ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ ၅၆- ရပ်ကွက်၊ ကျောက်စိမ်းမြတ်ရတနာလမ်း၊ အမှတ်-၃၁၅ တွင် ဖြစ်ပွားခဲ့သော အသက် (၁၇) နှစ်အရွယ် ဒသမတန်း ကျောင်းသူ မထက်ထက်လှိုင် သေဆုံးခဲ့သည့် အမှု ဖြစ်သည်။
ဇူလိုင်လ ၅ ရက်တွင် မီးသင်္ဂြိုဟ်ရန်လုပ်ဆောင်ထားကြသော်လည်း သေဆုံးသူ၏ လည်ပင်းတွင် ညိုမည်းဒဏ်ရာများတွေ့ရသောကြောင့် မီးသင်္ဂြိုဟ်မည့် အစီအစဉ်ကို ပြောင်း၍ ဂူသွင်းသင်္ဂြိုလ်ခဲ့ကြပြီးနောက် ဇူလိုင်လ ၈ ရက်တွင် အဆိုပါ ရုပ်အလောင်းကို မင်္ဂလာဒုံမြို့နယ်ရဲတပ်ဖွဲ့၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် (မြို့မရဲစခန်း) တာဝန်ရှိသူများ၊ သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူများ၊ မှုခင်းဆရာဝန်တို့က သေဆုံးသူဘက်မှ ဆွေမျိုးများနှင့်အတူ သင်္ဂြိုဟ်ထားသည့်ဂူကို ပြန်လည်ဖွင့်ဖောက်ခဲ့ကြရာ လည်ပင်းရိုးကျိုးသည့်ဒဏ်ရာတွေ့ရ၍ လူသတ်မှုပြောင်းလဲခဲ့သည့် အမှုလည်း ဖြစ်သည်။
မထက်ထက်လှိုင်သေဆုံးသည့်အတွက် ဒဂုံမြို့သစ်တောင် ပိုင်းမြို့ နယ် (မြို့မရဲစခန်း)၌ တိုင်တန်းရာတွင် (ပ)၁၄/ ၂၀၂၄ ၊ သေမှုသေခင်းဖြင့်လက်ခံထားခဲ့ပြီး ဂူသွင်းသင်္ဂြိုလ်ထားသည့် ရုပ်အလောင်းကို ဖွင့်ဖောက် စစ်ဆေးပြီးနောက် (ပ)၁၆/၂၀၂၄ ၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ သို့ ပြောင်းလဲခဲ့ခြင်း ဖြစ်သည်။
အဆိုပါ မထက်ထက်လှိုင် သေဆုံးသည့်သတင်း၊ အသတ်ခံရသည်ဟု သံသယဖြစ်ဖွယ်ကြောင့် ရုပ်အလောင်းကို ပြန်ဖော်၍ စစ်ဆေးသည့်သတင်း၊ မထက်ထက်လှိုင်၏ ဦးလေးဖြစ်သူ ပြောပြချက်၊ ရုပ်အလောင်းပြန်ဖော်စစ်ဆေးခဲ့ရာ လည်ပင်းရိုးကျိုးသည့်ဒဏ်ရာတွေ့ရ၍ လူသတ်မှုပြောင်းလဲအမှုဖွင့်သည့်သတင်း၊ သံသယရှိသူများအား သက်ဆိုင်ရာက အမြန်လမ်းတွင် အချိန်မီဖမ်းဆီးမိခဲ့သည့်သတင်း၊ မထက်ထက်လှိုင် ရက်လည်နေ့တွင် ဝိညာဉ်က ဆယ်တန်းကျောင်းသူလေးတစ်ယောက်ထံ ဝင်ပူးသည့် သတင်း၊ ယင်း၏ချစ်သူအား သက်ဆိုင်ရာက ခေါ်ယူ၍ လက်ရေးဖြင့်သားထားသော စာတစ်စောင်ပြကာ သေဆုံးခဲ့သူ၏ လက်ရေးဟုတ်မဟုတ် စစ်ဆေးမေးမြန်းခဲ့သည့်သတင်းတို့ကို MT News က အသီးသီး ဖော်ပြခဲ့ပြီးလည်း ဖြစ်သည်။