MT News
၁. ၁၂. ၂၀၂၄
ကြံခင်းမြို့အနီးကို ဗဟိုပြုပြီး မြေကြီးအောက် ၃၁ မိုင်အကွာက ပြင်းအား ၄ ဒသမ ၉ အဆင့်ရှိ ငလျင်တစ်ခု ဒီနေ့လယ်က လှုပ်ခတ်သွားတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ကြေညာထားသလို ရန်ကုန်မြို့နယ်အချို့ပါ ငလျင်လှုပ်ခတ်မှု ခံစားလိုက်ရတယ်လို့ သိရပါတယ်။
ငလျင်လှုပ်ခတ်မှုက ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက်၊ မြန်မာစံတော်ချိန် နေ့လယ် ၂ နာရီ၊ ၂၇ မိနစ်၊ ၄၄ စက္ကန့် အချိန်မှာ တောင်ငူမြေငလျင်စခန်း အနောက်တောင်ဘက် မိုင် (၉၀) ခန့် ကွာဝေးတဲ့ မြန်မာနိုင်ငံပြည်တွင်း ကြံခင်းမြို့ရဲ့ အနောက် -အနောက်မြောက်ဘက် ၄ မိုင်ခန့် အကွာ၊ မြောက်လတ္တီတွဒ် ၁၈ ဒသမ ၃၅ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒသမ ၁၉ ဒီဂရီ၊ အနက် ၅၀ ကီလိုမီတာ(၃၁ ဒသမ ၀၆၉ မိုင်) ကို ဗဟိုပြုလို့ အင်အားရစ်(ခ်)တာစကေး ၄ ဒသမ ၉ အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ရှားသွားတာပါ။
ငလျင်ပြင်းအားဟာ အလယ်အလတ်ပြင်းအားအဆင့်နားမှာ ရှိနေပေမဲ့ ဇောက်နက်တာကြောင့်သာ ထိခိုက်ပျက်စီးမှုနည်းခဲ့ရတာတောင် ပဲခူး၊ ပြည်၊ ကြို့ပင်ကောက်၊ နေပြည်တော်၊ ရွှေပြည်သာ၊ တာမွေ၊ တောင်ဒဂုံ၊ သာကေတ၊ လှိုင်၊ ဧရာဝတီ စတဲ့ မြို့နယ်တွေမှာ သိရှိခံစားလိုက်ရတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၀ ရက် ညနေ ၅ နာရီ ၃၅ မိနစ်နဲ့ ၅ နာရီ ၄၈ မိနစ်ခန့်မှာ ကျိုက်လတ်မြို့နယ် အနောက်ဘက် ၃ မိုင်ခန့်အကွာကို ဗဟိုပြုပြီး အနက် ၁၀ ကီလိုမီတာအကွာကနေ ပြင်းအား ၄ ဒသမ ၅ အဆင့်ရှိ ငလျင်လှုပ်ခတ်တာကြောင့် ကော့မှူးမြို့နယ်က ကျိုက်ထော်စေတီ စိန်ဖူးတော် မြေခခဲ့သလို အိမ်နံရံပြိုကျမှုတွေပါရှိတယ်လို့ သိရပါတယ်။