၁.၁၂.၂၀၂၄
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ အမှတ်(၃) ရပ်ကွက်၊ အနောက်ပုလဲဂေဟာလမ်းတွင် နိုဝင်ဘာလ ၃၀ ရက် ည ၉ နာရီ ၄၀ မိနစ်ခန့်က နေအိမ်၂လုံး မီးလောင်ဆုံးရှုံးမှုနှင့်ပတ်သက်၍ မီးလောင်ပြင်ကို ရှင်းလင်းရာမှ အိမ်ငှားအမျိုးသား၏ မီးလောင်သေဆုံးနေသော ရုပ်အလောင်းကို ယနေ့ (ဒီဇင်ဘာလ ၁ ရက်) နံနက်ပိုင်းက တွေ့ရှိခဲ့ကြောင်း မီးငြိမ်းသတ်သူများထံမှ သိရသည်။
“မနေ့ညက ကမာရွတ်မြို့နယ်မီးလောင်မူမှာ ၃၁ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ပါတယ်။ DEAD BODY ကိုသွပ်ပြားပုံတွေအောက်က ဒီမနက်ရှာဖွေတွေ့ရှိခဲ့ပါတယ်။”ဟု အရန်မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ၎င်း၏လူမှုကွန်ရက်တွင် ရေးသားထားသည်။
သေဆုံးသူမှာ အသက် ၃၁ နှစ်အရွယ် အိမ်ငှားနေသူ ဦးစိုင်းလွင်ဦးဖြစ်ပြီး ပြန်လည်တွေ့ရှိသော ရုပ်အလောင်းကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့အပ်ထားကာ ပီအာရ်- ၀၅ ဖြင့် လက်ခံထားကြောင်း သိရသည်။
မီးလောင်မှုမှာ သွပ်မိုးအုတ်ညှပ်ပျဥ်ခင်း ၂ ထပ်နေအိမ်တွင် ထမင်းပေါင်းအိုး တည်ထားရာမှ သံလိုက်ခလုတ်ပြန်မတက်ဘဲ သတ္တုကွိုင် အပူလွန်ကဲ၍ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း စစ်ဆေးသူများ၏ အတည်ပြုချက်အရ သိရသည်။
မီးလောင်မှုမှာ ၂၃ မိနစ်ကြာလောင်ကျွမ်းခဲ့ပြီး သွပ်မိုးအုတ်ညှပ်ပျဥ်ခင်း ၂ ထပ်နေအိမ်နှင့် အတွင်းပစ္စည်းများ၊ RC ၂ ထပ်တိုက်အိမ်အပေါ်ထပ်နှင့် အတွင်းပစ္စည်းများလည်း မီးလောင်ဆုံးရှုံခဲ့ကြောင်း သိရသည်။
နေအိမ်မီးလောင်မှုနှင့်ပတ်သက်၍ အိမ်ပိုင်ရှင် ဦးအောင်ကျော်မိုးကို ရာဇသတ်ကြီးပုဒ်မ၂၈၅၊ ၃၀၄ (က)ဖြင့် ကမာရွတ်မြို့မရဲစခန်းက အမှုဖွင့်ထားကြောင်း သိရသည်။
နေအိမ်မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၁စီး၊ ရေသယ်ယာဥ် ၆ စီး၊ မီးသတ်စက်ယာဥ် ၁ စီးဖြင့် သန္ဓေအရန် မီးသတ်တပ်ဖွဲ့ဝင်များက ပူးပေါင်းငြှိမ်းသတ်ခဲ့သည်။