၆ ဦး ဖမ်းမိထားကာ နှစ်ဦးမှာလွတ်မြောက်နေ

၁.၁၂.၂၀၂၄
Written By Zun
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်၊မြို့ဟောင်းအခြေခံပညာအထက်တန်းကျောင်းမှကျောင်းသားများ ရန်ဖြစ်၍ နှစ်ဦးမှာ ဆေးရုံတင်ခဲ့ရကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သည့်အသိုင်းအဝိုင်းက MT News ကို ယနေ့ ဒီဇင်ဘာလ ၁ ရက်တွင် ပြောသည်။
အဆိုပါကျောင်းမှ သတ္တမတန်းကျောင်းသား ကောင်းထက်သူက လွန်ခဲ့သည့် နှစ်ပတ်က ဖူဆယ်ကွင်းတွင် ဘောလုံးကန်စဉ် တစ်ကျောင်းတည်းတက်ရောက်သည့် ဆယ်တန်းကျောင်းသားတစ်ဦးနှင့်ရန်ဖြစ်ခဲ့ကြောင်း၊ ယင်း ကျောင်းသားက ရန်ဖြစ်ရန် ဟိန္ဒူဘုရားကျောင်းအနီးသို့လာရောက်ရန် ယမန်နေ့ နိုဝင်ဘာလ ၃၀ ရက် ည ၇ နာရီခန့်အချိန်တွင် ထပ်မံစိန်ခေါ်ချိန်းဆိုသဖြင့် ကောင်းထက်သူနှင့်အောင်မြတ်သူ(အဲယားကွန်းပြင်လုပ်ငန်း) တို့က ချိန်းဆို သည့်နေရာသွားခဲ့ကြောင်း သိရသည်။
ချိန်းဆိုသောနေရာသို့ ရောက်ရှိစဉ် ၈ တန်းကျောင်းသား အောင်မြင့်မြတ်နှင့် ကျောင်းသား (၈)ဦးခန့်တို့က ကောင်းထက်သူနှင့် အောင်မြတ်သူတို့အား ဆန်ထိုးပိုက် (ဆန်အိတ်ကိုထိုးသည့်သံချွန်ပိုက်) ၊ ဓားတို့ဖြင့်ထိုးခုတ်ထွက်ပြေးသွားကြကြောင်း သိရသည်။
ယင်းကြောင့် ကောင်းထက်သူ နှင့် အောင်မြတ်သူ တို့နှစ်ဦးမှာ ဒဏ်ရာများရရှိခဲ့ကြကြောင်း၊ သို့သော်လည်း အသက်အန္တရယ်မစိုးရိမ်ရကြောင်းနှင့် လက်ရှိတွင် သန်လျင်အထွေထွေရောဂါကုဆေးရုံတွင် တက်ရောက် ကုသမှုခံယူလျက်ရှိကြောင်း သိရသည်။
ရဲတပ်ဖွဲ့က အခင်းဖြစ်စဉ်ကို ဖော်ထုတ်ရာ ည ၉ နာရီကျော်အချိန်က ကျူးလွန်သူ အောင်မြင့်မြတ် (၈တန်း)၊ ဇေယျာထွန်း(၈တန်း)၊ လှိုင်မိုးအောင်(၁၂တန်း)၊ ထက်ဝေယံ (၁၀တန်း)၊ ဟိန်းလင်း (၈တန်း)နှင့် ငြိမ်းချမ်း(ကျပန်းလုပ်သား)တို့ကို ဖမ်းဆီးရမိပြီး ကျော်ဇင်သန့်နှင့်ဖိုးသော်ကြီးတို့ နှစ်ဦးကိုဖမ်းဆီးရန် ဆက်လက်ဆောင်ရွက်နေ ကြောင်း သိရသည်။