၇. ၁. ၂၀၂၃
Written by Nay Aung
၁။
ကမ္ဘောဒီးယားနိုင်ငံဟာ ၂၀၂၂ ခုနှစ်အတွင်း အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ကို အောင်မြင်စွာထမ်းဆောင်နိုင်ခဲ့ပြီးနောက် အင်ဒိုနီးရှားနိုင်ငံက ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်က စတင်ပြီး အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ကို ရယူခဲ့တာဖြစ်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံက ဒီနှစ်အတွင်း အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူချိန်မှာ မြန်မာ့နိုင်ငံရေးအခက်အခဲ၊ တောင်တရုတ်ပင်လယ်အငြင်းပွားမှုအပြင် ယူကရိန်း-ရုရှားစစ်ပွဲနဲ့ပတ်သက်ပြီး အာဆီယံအဖွဲ့ရဲ့ ရပ်တည်ချက်တွေအတွက် မျှော်လင့်ချက်တွေ၊ စိုးရိမ်ချက်တွေအများအပြားရှိနေပါတယ်။
အာဆီယံ ဥက္ကဋ္ဌတာဝန်ယူချိန်မှာ ကိုင်တွယ်ဖြေရှင်းရမယ့် ကိစ္စရပ်အများအပြား အမြဲတမ်းရှိနေသလို အာဆီယံဥက္ကဋ္ဌရဲ့လုပ်ပိုင်ခွင့်နဲ့ ပတ်သက်ပြီးလည်း သဘောထား အမြင်အမျိုးမျိုးရှိနေခဲ့ပါတယ်။ ကမ္ဘောဒီးယားနိုင်ငံက အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူချိန်အတွင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးဟာ မြန်မာ့အရေးကိုင်တွယ်ဖြေရှင်းပုံနဲ့ပတ်သက်ပြီး ကမ္ဘောဒီးယားနိုင်ငံကို မကြာခဏ ပြစ်တင်ဝေဖန်ခဲ့ပါတယ်။ ဒါပေမယ့် ကမ္ဘောဒီးယားနိုင်ငံဟာ အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ယူချိန်တွင်း ကမ္ဘာပေါ်က ကိစ္စရပ်တွေအတွက် ရှင်းလင်းပြတ်သားစွာ ဆုံးဖြတ်ချက် ချမှတ်နိုင်ခဲ့တာကြောင့် အာဆီယံဥက္ကဋ္ဌတာဝန်ကိုအောင်မြင်စွာ ထမ်းဆောင်နိုင်ခဲ့တယ်လို့ ချီးကျူးခံနေရတာ ဖြစ်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံဟာ အာဆီယံဥက္ကဋ္ဌတာဝန် မထမ်းဆောင်ခင်အချိန်တည်းက မျှော်လင့်ချက်တွေ၊ ချီးကျူးမှုတွေကို လက်ခံရရှိနေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် စာအုပ်တစ်အုပ်ကို ပြီးဆုံးအောင်မဖတ်ရသေးဘဲ စာအုပ်ကောင်းတယ်လို့ ချီးမွန်းပြောဆိုတာမျိုးမဖြစ်သင့်တာကြောင့် ဒီနှစ်အတွင်း အင်ဒိုနီးရှားရဲ့ အာဆီယံဥက္ကဋ္ဌတာဝန်ထမ်းဆောင်ချိန်အတွင်း ရရှိလာမယ့် ရလဒ်တွေမထွက်ပေါ်ခင် ချီးကျူးခြင်းတွေ မလုပ်ဆောင်သင့်ပါဘူး၊
၂။
အင်ဒိုနီးရှားနိုင်ငံ ဒီနှစ်မှာ အာဆီယံဥက္ကဋ္ဌ တာဝန်ယူချိန်အတွင်း မြန်မာ့နိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်မလားဆိုတဲ့အချက်က စိတ်ဝင်စားဖွယ်ကောင်းနေပါတယ်။ ဘရူနိုင်းနိုင်ငံက အာဆီယံဥက္ကဋ္ဌ တာဝန်ယူနေချိန်အတွင်း မြန်မာ့နိုင်ငံရေးပြဿနာ စတင်ဖြစ်ပေါ်ခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံက အာဆီယံဥက္ကဋ္ဌအဖြစ် လွှဲပြောင်းတာဝန်ယူချိန်မှာလည်း မြန်မာ့နိုင်ငံရေးပြဿနာဟာ အာဆီယံရဲ့စိန်ခေါ်မှုအဖြစ် ဆက်လက်ရှိနေခဲ့ပါတယ်။
ကမ္ဘောဒီးယားနိုင်ငံ အာဆီယံဥက္ကဋ္ဌ တာဝန်ယူချိန်အတွင်းမှာ နစက တာဝန်ရှိသူတွေအပြင် မြန်မာ့နိုင်ငံရေးမှာ ပါဝင်နေတဲ့အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေရှိခဲ့ရာမှာ၊ မြန်မာ့နိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်ဖို့ ချဉ်းကပ်ရာမှာ ဘရူနိုင်းနဲ့ ကမ္ဘောဒီးယားတို့အကြား ချဉ်းကပ်တဲ့ နိုင်ငံရေးစတိုင်ပုံစံ မတူကွဲပြားမှုတွေရှိနေခဲ့ပါတယ်။ ကမ္ဘောဒီးယားနိုင်ငံဟာ အတိုက်ခံအဖွဲစည်းဖြစ်တဲ့ NUG ခေါင်းဆောင်တွေ၊ NUG ကိုယ်စားလှယ်တွေနဲ့တွေ့ဆုံဆွေးနွေးတာထက် နစက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးပြီး ခွင့်ပြုချက်တွေ ရယူနိုင်ဖို့ အမြဲတမ်း ကြိုးပမ်းနေခဲ့တာဖြစ်ပါတယ်။ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်ဟာ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၇ ရက်မှာ မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် ချစ်ကြည်ရေးခရီးသွားရောက်ပြီး နစက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ မြန်မာနိုင်ငံကိုသွားရောက်ပြီး နစက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးတာနဲ့ပတ်သက်ပြီး ဟွန်ဆန်ဟာ ပြစ်တင်ဝေဖန်မှု အမျိုးမျိုးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
အင်ဒိုနီးရှားဟာ အာဆီယံဥက္ကဋ္ဌအဖြစ်တာဝန်ယူချိန်မှာ အာဆီယံအဖွဲ့ကို ဦးဆောင်နိုင်ဖို့ ကမ္ဘောဒီးယား၊ ဘရူနိုင်းတို့ရဲ့ခေါင်းဆောင်တွေ တွေ့ကြုံရမှုတွေကိုအကောင်းဆုံးသင်ခန်းစာ ရယူရမှာ လည်းဖြစ်ပါတယ်။ မြန်မာ့နိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်အောင် အာဆီယံကို ဦးဆောင်ဖို့ အင်ဒိုနီးရှားအတွက် အကောင်းဆုံးနည်းလမ်းက ဘယ်အရာဖြစ်မလဲဆိုတဲ့ အချက်ကလည်း မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။ အင်ဒိုနီးရှားဟာ အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူချိန်မှာ နစကကို ငြင်းပယ်ပြီး NUG ကို အာဆီယံအတွက် မြန်မာကိုယ်စားလှယ်အဖြစ် အသိမှတ်ပြုမလား ဆိုတဲ့မေးခွန်းတွေလည်း ရှိနေဆဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလက အာဏာထိန်းသိမ်းမှု စတင်ခဲ့ပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ နိုင်ငံအသီးသီးရဲ့သံရုံးတွေ ဆက်လက်ရှိနေဆဲဖြစ်ကာ နစကနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ဆက်လက်ရှိနေဆဲဖြစ်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံရဲ့သံရုံးကလည်း မြန်မာနိုင်ငံမှာ ဆက်လက်ရှိနေဆဲဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ တရုတ်၊ အိန္ဒိယနိုင်ငံတို့ကြား အပြန်အလှန်ကုန်သွယ်မှုတွေ ဆက်လက်ရှိနေဆဲဖြစ်ပြီး အပြန်အလှန်ကုန်သွယ်မှုတွေက အရင်ထက်ပိုမိုတိုးမြင့်လာနေဆဲဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ နယ်စပ်ချင်းထိစပ်နေတဲ့ နိုင်ငံတွေဟာ နိုင်ငံကိုလက်ရှိအုပ်ချုပ်နေသူတွေနဲ့သာ တစိုက်မတ်မတ် ပူးပေါင်းဆောင်ရွက်နေပြီး မြန်မာနိုင်ငံကို ဦးဆောင်မယ့် အောင်နိုင်သူကိုသာ စိတ်ဝင်စားနေကြပါတယ်။
၃။
အင်ဒိုနီးရှားဟာ အာဆီယံဥက္ကဋ္ဌအဖြစ်တာဝန်ယူချိန်မှာ NUG ကို တရားဝင်အသိမှတ်ပြုပြီး အာဆီယံအစည်းအဝေးတွေမှာ မြန်မာကိုယ်စားပြုအဖြစ် ထိုင်ခုံနေရာပေးခဲ့မယ်ဆိုရင် အဲဒီအချက်က မြန်မာနိုင်ငံမှာ နစက တာဝန်ယူပြီးနောက်ပိုင်း အာဆီယံအတွက် ဆိုးရွားတဲ့ပုံရိပ်တစ်ခုဖြစ်လာ ဖွယ်ရှိနေပါတယ်။ နစကဟာ လက်ရှိအချိန်မှာ တရုတ်၊ အိန္ဒိယ၊ ရုရှားလိုမျိုး ကမ္ဘာ့စူပါပါ အင်အားကြီးနိုင်ငံတွေနဲ့အပြင် အာဆီယံဒေသအတွင်းမှာရှိတဲ့ အဖွဲ့ဝင်နိုင်ငံအချို့နဲ့လည်း စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေကို ပွင့်လင်းစွာလုပ်ကိုင်နေသလို အင်ဒိုနီးရှားက NUG ကို အာဆီယံအစည်းအဝေးတွေမှာ မြန်မာကိုယ်စားပြုအဖြစ် ထိုင်ခုံနေရာပေးခဲ့မယ်ဆိုရင် အာဆီယံအတွက် မကောင်းတဲ့ မြင်ကွင်းတစ်ခု ဖြစ်လာဖွယ်ရှိနေပါတယ်။
NUG ဟာ လက်ရှိအချိန်မှာ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့တာဝန် တစ်စုံတစ်ရာ မရှိသလို နစကကို စိန်ခေါ်နိုင်ဖို့ အရင်းအမြစ်လည်း နည်းပါးနေပါတယ်။ နစကဟာ လက်ရှိအချိန်မှာ တပ်မတော်ကို ထိန်းချုပ်ထားနိုင်သလို ကုန်သွယ်ရေးလုပ်ငန်းမှာလည်း အခြားနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ထိန်းသိမ်းလုပ်ကိုင်လျက်ရှိနေပါတယ်။ အင်ဒိုနိးရှားသမ္မတဟာ နစက ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးမယ်ဆိုရင် အင်ဒိုနိးရှားဟာ ကမ္ဘောဒီးယားနိုင်ငံပုံစံအတိုင်း ကော်ပီယူတယ်လို့ စွပ်စွဲခံရနိုင်ခြေများပါတယ်။ အင်ဒိုနီးရှားဟာ အခြား အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ၊ အာဆီယံမိတ်ဖက်အဖွဲ့စည်းတွေကို အိမ်ရှင်အဖြစ် လက်ခံပြီး အာဆီယံအစည်းအဝေးတွေ ကျင်းပရာမှာ နစကကို မသိကျိုးကျွံမျက်ကွယ်ပြုနေမယ်ဆိုရင်လည်း မြန်မာ့နိုင်ငံရေးပြဿနာကို ပြေလည်အောင်ဖြေရှင်းနိုင်မှာမဟုတ်သလို ဘာအကျိုးအမြတ်မှ ရမှာလည်း မဟုတ်ပါဘူး။
၄။
အင်ဒိုနီးရှားဟာ အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ယူချိန်မှာ နစကကို မျက်ကွယ်ပြုမယ်ဆိုရင် မြန်မာနိုင်ငံမှာတာဝန်ထမ်းဆောင်နေတဲ့ အင်ဒိုနီးရှားသံအမတ်ကြီးကိုပြန်ခေါ်ယူမလား။ မြန်မာနိုင်ငံကို လက်ရှိတာဝန်ယူနေတဲ့ နစကကို လက်တုံ့ပြန်မှုအဖြစ် စစ်ကြေညာမလား။ မြန်မာနိုင်ငံရဲ့အိမ်နီးချင်းနိုင်ငံတွေကို နစကနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေကို တားဆီးပိတ်ပင်မလား ဆိုတဲ့အချက်တွေကလည်း မေးခွန်းထုတ်စရာအဖြစ် ရှိနေဆဲဖြစ်ပါတယ်။
မြန်မာ့နိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက် အားလုံးကို ခြုံငုံသုံးသပ်ရမယ်ဆိုရင် မြန်မာနိုင်ငံမှာရှိတဲ့ အဖွဲ့အစည်းအချင်းချင်းအကြား ပြည်တွင်းသဘောတူညီချက်ရယူနိုင်ရေးကသာ မြန်မာ့နိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်ဖို့ အကောင်းဆုံးချဉ်းကပ်မှုဖြစ်ဖွယ်ရှိနေသလို ပြဿနာတွေကို ချစ်ကြည်ရင်းနှီးစွာ ဖြေရှင်းနိုင်မှာလည်း ဖြစ်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံဟာ မြန်မာနိုင်ငံအတွင်းမှာရှိနေတဲ့ အဖွဲ့အစည်းအားလုံးကို အလေးမပေး၊ အရေးမစိုက်ဘူးဆိုရင် မြန်မာ့နိုင်ငံရေးအခြေအနေတွေကို ဖြေရှင်းနိုင်မှာမဟုတ်သလို အာဆီယံအနေနဲ့လည်း ထိပ်သီးအစည်းအဝေးမှာ ပါဝင်ခွင့်ရသူနဲ့သာ စေ့စပ်ဆွေးနွေးပြီး အခြား မြန်မာ့နိုင်ငံရေးမှာပါဝင်နေတဲ့ အဖွဲ့ စည်းတွေကို မသိကျိူးကျွံပြုနေဦးမယ်ဆိုရင်တော့ ပြသာနာတွေကို ဖြေရှင်းနိုင်ဖို့ အလားအလာနည်းပါတယ်။ ဒီနှစ်မှာ အာဆီယံဥက္ကဋ္ဌအဖြစ်တာဝန်ယူမယ့် အင်ဒိုနီးရှားနိုင်ငံ အာဆီယံအဖွဲ့ကြီးကို ဦးဆောင်နိုင်ဖို့အတွက်လည်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။
မှတ်ချက်။ ကမ္ဘောဒီးယားအခြေစိုက် ခမာတိုင်းမ်သတင်းဌာနက Royal Academy of Cambodia ရဲ့နိုင်ငံရေးသုတေသီတစ်ဦးဖြစ်တဲ့ Seun Sam သုံးသပ်ရေးသားထားတဲ့ Which approach will Indonesia use to address the problem in Myanmar? ဆောင်းပါးကို ကောက်နုတ် ရေးသားဖော်ပြထားခြင်းဖြစ်ပါတယ်။