
၁. ၁၂. ၂၀၂၄
Written by Hey Mar
ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားအိမ်ခြံမြေ အရောင်းအ ဝယ်ဈေးကွက်က ပြီးခဲ့တဲ့ ဩဂုတ်လကတည်းက သိသိသာသာ ကျဆင်းနေပြီလို့ ထိုင်းနိုင်ငံ အခြေပြု မြန်မာအိမ်ခြံမြေ အကျိုးဆောင်တချို့ဆီကနေ သိရပါတယ်။
ပြီးခဲ့တဲ့နှစ်တွေက မြန်မာပြည်တွင်းမှာ မြန်မာကျပ်ငွေ တန်ဖိုးဆက်တိုက်ကျဆင်းလာနေချိန် ငွေကြေးဖောင်းပွမှု ၊ အိမ်ခြံမြေ ဈေးကစားမှုတွေကြောင့် ၊ ငွေကြေးတတ်နိုင်သူတွေက ပိုင်ဆိုင်မှုတချို့ကို ရွှေ့ပြောင်းတာ၊ တချို့ကလည်း အားလုံးရောင်းချပြီး ထိုင်းမှာအခြေချမယ်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ထွက်ခွာကြရာက ထိုင်းနိုင်ငံရဲ့ အေးနေတဲ့ အိမ်ခြံမြေ ဈေးကွက် လှုပ်လှုပ်ခတ်ခတ် ဖြစ်လာခဲ့ပြီး ဒီနှစ် ၉ လအတွင်းမှာ ထိုင်းဘတ် ၆ ဘီလျံဖိုးလောက် မြန်မာတွေကဝယ်ယူကြတယ်လို့ နိုင်ငံတကာ သတင်းစာမျက်နှာတွေမှာလည်း ရေးသားဖော်ပြလာကြပါတယ်။
ဒီလိုအေးစက်နေရာက မြန်မာနိုင်ငံသားတွေဝယ်ယူမှုကြောင့် ပြန်လှုပ်ခတ်လာပေမဲ့ ဒီကာလမှာ အဝယ်ပြန်ကျလာတဲ့အဓိက အကြောင်းအရင်းက မြန်မာအိမ်ခြံမြေပွဲစားတွေက စျေးအဆမတန်တင်တာ၊ ထိုင်းရောက် NUG , CRPH ထောက်ခံသူတချို့ရဲ့ ထိုင်းနိုင်ငံဥပဒေကို မထီမဲ့မြင်ပြုတာ ၊ ဧည့်သည်နိုင်ငံသားတွေဖြစ်ပေမယ့် မဆီလျော်တဲ့ တောင်းဆိုမှုတွေနဲ့ ထိုင်းမြန်မာသံရုံးရှေ့မှာ ဆန္ဒပြပွဲတွေ မကြာခဏ ဖော်ဆောင်တာ၊ ပြည်တွင်းမှာလည်း ထိုင်းအိမ်ခြံမြေဝယ်ယူမှူ ဖမ်းဆီးတာ စတဲ့အချက်တွေကြောင့်ဖြစ်သလို ဒီလို အချက်တွေအပေါ်မှာ စောင့်ကြည့်ပြီး ဥပဒေတင်းကျပ်တဲ့ ထိုင်းနိုင်ငံရဲ့ လုပ်ရပ်တွေကြောင့် ဖြစ်ပြီး ဒီအချက်တွေကပဲ အိမ်ခြံမြေဝယ်ယူလိုသူတွေ လက်တွန့်စေခဲ့တာပါ။ ဒီလိုမျိုး NUG နဲ့ CRPH ထောက်ခံသူတွေရဲ့ အုပ်စုဖွဲ့၊ ဂိုဏ်းဖွဲ့ ရမ်းကားဆန္ဒပြမှုတွေကြောင့်ပဲ ထိုင်းနိုင်ငံသားတွေရဲ့ ကဲ့ရဲ့ရှုတ်ချမှု၊ လူမှုကွန်ရက်ပေါ်က ဂိုဏ်းဖွဲ့ရမ်းကားမှုတွေကို ဖမ်းဆီးဖို့တောင်းဆိုလို့ ပြည်တွင်းစစ်ဘေးကို ရှောင်ချင်ယုံ သက်သက် ထိုင်းနိုင်ငံဆီရွှေ့ပြောင်းလာတဲ့ မြန်မာနိုင်ငံသားတွေအပါအဝင်၊ မူလပထမကတည်းက ရွှေ့ပြောင်းလုပ်သားဖြစ်တဲ့ မြန်မာတိုင်းရင်းသားတွေပါ အဖမ်းအဆီးကြမ်းလာတာ၊ ဥပဒေကြောင်းအရ နှိပ်ကွပ်ခံရတာတွေကြောင့် နစ်နာမှုတွေ ကြုံတွေ့နေရတယ်လို့လည်း ထိုင်းရောက် ပြည်တွင်းရွှေ့ပြောင်းသူတချို့က MT News ကို ပြောပြကြပါတယ်။
ထိုင်းနိုင်ငံမှာ Business Visa နဲ့ နေထိုင်သူ လုပ်ငန်းရှင်အမျိုးသား တစ်ဦးက “ဘန်ကောက်နဲ့ ချင်းမိုင်မှာ အိမ်ခြံမြေတွေ မြန်မာအများစု ဝယ်ကြတယ်ဆိုတာ ၁၀၂၇ စစ်ဆင်ရေးကြေညာပြီးတော့ ပိုစိပ်လာတာတော့မှန်တယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ဩဂုတ်နဲ့ စက်တင်ဘာကစပြီး တောက်လျှောက်ငြိမ်ပါတယ်။ ဘာလို့လဲဆိုတော့ ပြည်တွင်းက န.စ.က ကလည်း အိမ်ခြံမြေသမားတချို့ကို အဖမ်းပြတယ်။ ဒီမှာလည်း ထိုင်းအစိုးရက သူ့နိုင်ငံထဲရောက်လာတဲ့ မြန်မာနိုင်ငံသားတွေနဲ့ ပတ်သက်ရင် ဥပဒေကို လိုသလို ပုံဖော်လို့ရတဲ့ အခြေအနေမျိုး လုပ်ထားတယ်။ ခိုင်မာမှုမရှိဘူးဆိုတာကို ကျွန်တော်တို့ကိုယ်တိုင်လည်း ခံစားရတယ်။ ဒါကြောင့် နောက်ပိုင်း ဝယ်ယူတာတွေ တန့်သွားသလို အခြေအနေကောင်းရင် မြန်မာပြည်ပြန်မယ့်လုပ်ငန်းငယ်သမားတွေများတယ်။ စောင့်ကြည့်နေကြတယ် ” လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံရဲ့ အိမ်ခြံမြေဈေးကွက်က ပြည်တွင်းဈေးကွက်လိုမဟုတ်ဘဲ တိုက်ခန်း၊ ကွန်ဒို ၊ အိမ်ရာ စတဲ့ဘယ်နေရာမှာပဲ ဖြစ်ဖြစ် မြန်မာတွေအတွက် အဝယ်လွယ်ပြီး အရောင်းခက်သလို ပြည်တွင်းမှာ အိမ်ခြံမြေက ဝယ်ပြီးရင် ဈေးအတက်စောင့်ရောင်းယုံနဲ့ အရှုံးမရှိပေမယ့် ထိုင်းမှာက ရှုံးတယ်လို့လည်း တချို့က ဆိုကြပါသေးတယ်။ အကြောင်းအရင်းကတော့ မြန်မာပြည်တွင်းက အိမ်ခြံမြေ ပွဲစားလူလည်တွေကြောင့်ပဲလို့ ထိုင်းနိုင်ငံ ဘန်ကောက်မှာ နေထိုင်သူ သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးက ဆိုပါတယ် ။
သူက “ထိုင်းမှာက အိမ်ခြံမြေက ဈေးကွက်တည်ငြိမ်တယ်။ မြန်မာငွေနဲ့ တွက်ရင် ထောင်ဂဏာန်းအများဆုံးပဲ။ မြန်မာတွေ ဝယ်တာလည်း သိန်းသုံးထောင်မကျော်တဲ့ လုံးချင်းနဲ့ ကွန်ဒိုတွေပဲ။ သူ့အောက် ရာဂဏာန်းတွေရောပေါ့။ ဒါပေမယ့် ဘာဖြစ်လဲဆိုတော့ ပြည်တွင်းက ပွဲစားလူလည်တွေကပဲ ကိုယ့်လူမျိုးအချင်းချင်း ပွဲညွှန့်တင်ရိုက်ကြတာ။ သိန်း နှစ်ထောင်တန်ကို သိန်း တစ်ထောင်လောက်တင်ပြီး သိန်းသုံးထောင်လောက်နဲ့ ရိုက်စားလုပ်ကြတယ်။ ပြန်ရောင်းတော့အချင်းချင်း ဂျင်းထည့်ရင်တော့ မူရင်းဈေးမရှုံးဘဲ ရကောင်းရပေမယ့် ၊ မလွယ်ဘူးလေ ၊ ခံရတာပေါ့ “လို့ MT News ကို ပြောပါတယ်။
ငွေထုပ်ပိုက်ပြီး ပြောင်းရွှေ့ကြသူတွေကိုလည်း အခုလို ထိုင်းနိုင်ငံသားနဲ့ မြန်မာနိုင်ငံသား ပေါင်းပြီးရိုက်စားလုပ်ကြသလို ငွေမရှိဘဲ အခြေခံအလုပ်လုပ်ပြီး လာရောက်နေထိုင်ကြသူတွေကိုလည်း ပွဲစားတွေက Visa တွေ Smart card တွေနဲ့ ပတ်သက်ရင် အမျိုးမျိုးပညာပြကာ ငွေရပေါက်ဖော်နေကြတာမို့ အများစုက ပြည်တွင်းရေးကို နားစွင့်နေကြတဲ့ မြန်မာနိုင်ငံသားတွေလို့ ဆိုပါတယ်။ ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းနေထိုင်ပြီး ရတနာ ရောင်းဝယ်ရေး လုပ်ကိုင်နေသူ အမျိုးသမီးတစ်ဦးက “စစ်ကြောင့်ရှောင်တိမ်းလာကြရလို့ အများက ထင်နေသလို ဆိုရှယ်မီဒီယာတွေမှာ အခုလို အချင်းချင်း ရိုက်စားအဆင်ပြေနေကြသူတွေ တင်နေသလို ဘယ်သူက ကြိုဆိုမနေဘူး။ မျက်နှာ ငယ်ရတယ်။ ငွေရှိသူလည်း မျက်နှာငယ်ရတယ်။ ငွေမရှိသူက ပိုဆိုးတယ်။ ကိုယ့်နိုင်ငံကောင်းရင် ပြန်ချင်ကြသူတွေချည်းပဲ ” လို့ ကြုံတွေ့နေရတဲ့ အခြေအနေကို ရင်ဖွင့်ပြောပြပါတယ်။ (Photo – Bangkok Post)