၁.၁၂. ၂၀၂၄
Written by Nyein Kyaw
တွံတေးမွေးမြူရေးဇုန် အကောင်အထည်ဖော်သည်မှာ တစ်နှစ်ကျော်သာရှိသေးသော်လည်း စနစ်တကျမွေးမြူနိုင်သည့်စနစ်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ တွံ့တေးမွေးမြူရေးဇုန် အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးစဉ် ပြောကြားခဲ့သည်။
ယခုအခါ မွေးမြူရေးဇုန်အတွင်း လှောင်မွေးစနစ်ဖြင့် စတင်မွေးမြူခြင်းဖြစ်ကြောင်း၊ ခေတ်မီမွေးမြူရေးစနစ်သို ရောက်ရှိရဦးမည်ဖြစ်သော်လည်း စနစ်တကျမွေးမြူနိုင်သည့်စနစ်သို ရောက်ရှိနေပြီဖြစ်ကြောင်း၊ မွေးမြူရေးဇုန် စတင်အကောင်အထည်ဖော် ဆောင်ရွက်သည်မှာ တစ်နှစ်ကျော် ကာလခန့်မျှသာ ရှိသည်ဖြစ်သော်လည်း “အစကောင်းမှ အနှောင်းသေချာ” ဆိုသည့်အတိုင်း လုပ်ငန်းများ စတင်ဆောင်ရွက်စဉ်ကတည်းကပင် စနစ်တကျဖြင့် ဆောင်ရွက်သွားရန်လိုကြောင်း ပြောကြားသည်။
လှောင်မွေးစနစ်ဖြင့် မွေးမြူခြင်းဖြစ်သဖြင့် အစာ၊ ရေ နှင့် အခြား လိုအပ်ချက်များ ပြည့်ဝစွာရရှိစေရေးအတွက် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် ဈေးနှုန်းသက်သာစွာဖြင့် ရရှိရေး၊ ပတ်ဝန်းကျင်ကောင်းရရှိစေရေး ဖြေရှင်းဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက မှာကြားခဲ့သည်။
အဆိုပါ တွံတေးမြိုနယ်ရှိ တွံတေးမွေးမြူရေးဇုန်အား ရန်ကုန်တိုင်းဒေသကြီးအတွင်း နေထိုင်ကြသော ပြည်သူလူထု သက်သာချောင်ချိရေးနှင့် အာဟာရပြည့်ဝသည့် စားသောက်ကုန်များ စားသုံးနိုင်ရေး သားငါးထုတ်လုပ်မှု လုံလောက်မှုရှိစေရန် ရည်ရွယ်၍ ၂၀၂၃ ခုနှစ် ဇွန်လအတွင်း မြေဧရိယာ ၅၈၁ ဒသမ ၅၄ ဧကပေါ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
မွေမြူရေးဇုန်အား အပိုင်း ၃ ပိုင်းခွဲခြား၍ ဆောင်ရွက်ခြင်းဖြစ်ပြီး ဇုန်များအလိုက် ကြက်၊ ဝက်၊ ဆိတ်၊ နွား၊ ငါး၊ ငုံး၊ ဘဲ များကို မွေးမြူထားရှိကြောင်း၊ မွေးမြူရေးလုပ်ငန်းများ အောင်မြင်မှုရရှိစေရေး တာဝန်ရှိသူများနှင့် လုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းနှင့် နိုင်ငံတော်အစိုးရမှလည်း လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။