၃၀. ၁၁. ၂၀၂၄
Written by Nyein Kyaw
စေတီတော်အသစ်တည်ထားကိုးကွယ်နိုင်ရေးအတွက် ပစ္စည်းများဝယ်ယူရန် ကယားပြည်နယ်မှ မန္တလေးမြို့သို့ မော်တော်ယာဉ်ဖြင့် ထွက်ခွာသည့် သံဃာတော် ၅ ပါး လွိုင်ကော်-ဆီဆိုင်ကားလမ်းတွင် KNDF နှင့် PDF များက လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် သံဃာတော် ၁ ပါး ပျံလွန်တော်မူပြီး သံဃာတော် ၂ ပါး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း SAC သတင်းထုတ်ပြန်ရေးအဖွဲ့မှ ယနေ့တွင် အသိပေး ထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ကယားပြည်နယ်၊ လွိုင်လင်လေးမြို့နယ်၊ ထီးစဲခါးကျေးရွာရှိ ထီးစဲခါးကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တပညာဝံသ အမှူးပြုသော သံဃာတော် ၅ ပါးသည် ယနေ့ နံနက် ၈ နာရီခန့်တွင် ကျောင်းတိုက်၌ စေတီတော်အသစ်တည်ထားကိုးကွယ်ရန် လိုအပ်သည့်ပစ္စည်းများ ဝယ်ယူရန်အတွက် မန္တလေးမြို့သို့ မော်တော်ယာဉ်ဖြင့် ထွက်ခွာလာစဉ် နံနက် ၈ နာရီ ၄၅ မိနစ်ခန့်တွင် လွိုင်ကော်-ဆီဆိုင်သွားကားလမ်း၊ အောင်ကလပ်ကျေးရွာအနီးသို့ အရောက်၌ KNDF နှင့် PDF အမည်ခံအကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် သံဃာတော်များဖြစ်ကြသည့် ဉူးပီညောဘာသ၊ ဉူးစန္ဒိမာနှင့် ဉူးပဏ္ဍိတတို့တွင် လက်နက်ငယ်ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့ပြီး ဉူးစန္ဒိမာသည် ရရှိခဲ့သည့်ဒဏ်ရာများဖြင့် ပျံလွန်တော်မူခဲ့သည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး သတင်းရရှိသည်နှင့်တစ်ပြိုင်နက် နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါနေရာသို့ အမြန်ဆုံးသွားရောက်ပူးပေါင်းခဲ့ရာ အကြမ်းဖက်သမားများသည် ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး ၎င်းတို့၏ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူခဲ့ရသည့် ဆရာတော် ဥူးစန္ဒိမာ၏ ရုပ်ကလာပ်တော်အား လွိုင်ကော်မြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံသို့ ပင့်ဆောင်ခဲ့ကြသည်။
ဆရာတော်၏ ရုပ်ကလာပ်တော်အား ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက် ဖူးမြော်ခဲ့ကြပြီး အန္တိမဈာပနပူဇာ ပြုလုပ်ရန်အတွက် တာဝန်ရှိသူများထံ အလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့သည့်အပြင် လက်နက်ငယ်ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြသည့် သံဃာတော် ၂ ပါးကိုလည်း တောင်ကြီးမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံသို့ ပင့်ဆောင်၍ လိုအပ်သည့်ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိပြီး အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်မင်းလတ်နှင့် တာဝန်ရှိသူများက သွားရောက်ဖူးမြော်၍ နဝကမ္မဝတ္ထုငွေ၊ သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။