၃၀. ၁၁ .၂၀၂၄
Written by Hey Mar
ကားလမ်းဘေး လမ်းလျှောက်လာတဲ့ လူတစ်ဦးကို နောက်ကနေ မော်တော်ကားတစ်စီးက ဝင်တိုက်ကြိတ်သွားတဲ့ဖြစ်စဉ် ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့မှာ ဒီနေ့ နိုဝင်ဘာ ၃၀ ရက်နေ့ ည ၇ နာရီ ဝန်းကျင်က ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေး အသင်းထံကနေ သိရပါတယ်။
ဖြစ်စဉ်က အုတ်တွင်းမြို့ မြောက်ဘက်အထွက် သရက်ချဥ်ကျောင်းတိုက်နား ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်မှာ ဖြစ်ပွားခဲ့ပြီး ယာဉ်တိုက်ခံရလို့ သေဆုံးသူမှာ ဦးမြင့်ဦး၊ အသက် (၅၇)နှစ်၊ အုတ်တွင်းမြို့နယ်၊ သရက်ချဥ်ရွာ၊လယ်ထဲ တဲတိုက်မှာ နေထိုင်သူလို့ သိရပါတယ်။
ယာဉ်တိုက်မှု ဖြစ်စဉ်နေရာကနေ ရုပ်အလောင်း သွား ရောက် ကောက်ယူရှင်းလင်းပေးခဲ့တဲ့ ရင်ခုန်သံရှင်သန်ရေး လူမှုကူညီရေးအသင်း တာဝန်ရှိသူက”အခင်းဖြစ်အရပ်နဲ့ သူ့တဲတိုက်က (၃/၄) ဖာလုံလောက်အကွာမှာ ရှိပါတယ်။ သရက်ချဥ်တဲတိုက်ဘက်ပြန်တဲ့ ဦးမြင့်ဦးကို ကားတစ်စီးက တိုက်ပြီး တက်ကြိတ်သွားတဲ့သဘော။ လမ်းအလယ်မျဥ်းဖြူ အနောက်ဘက်မှာ တစ်ကိုယ်လုံးကြေနေပြီး ဦးနှောက်ပါ ထွက်ကျတာ” လို့ MT News ကို ပြောပါတယ်။
ဦးမြင့်ဦးသေဆုံးခဲ့တဲ့ ပုံစံအရ တိုက်သွားတဲ့ ယာဉ်ဟာ ရန်ကုန်ဘက်ကနေ တောင်ငူဘက်ကို မောင်းနှင်နေတဲ့မော်တော်ယာဉ်ဖြစ်နိုင်ကြောင်း မြင်ကွင်းအရ ခန့်မှန်းရတာကြောင့် အုတ်တွင်းမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့မှူးနဲ့အဖွဲ့ က တောင်ငူဘက်အသွားလမ်းက ဟင်းငုတ်ပင် တိုးဂိတ်ဘက်ကို ဆက်လက်လိုက်ပါ စုံစမ်းရှာဖွေနေကြောင်း လည်း ရဲတပ်ဖွဲ့နဲ့ နီးစပ်သူထံကနေ သိရှိပါတယ်။
ယာဉ်တိုက်မှုကြောင့် သေဆုံးသူရဲ့ ရုပ်အလောင်းကို ရင်ခုန်သံရှင်သန်းရေး ကူညီမှုအသင်းက ကောက်ယူပြီး အုတ်တွင်းဆေးရုံကြီးဆီ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။