၃၀.၁၁.၂၀၂၄
Written By Thandar
“မွန်မြတ်စိတ်ထား တွယ်ရာမဲ့ဘိုးဘွားရိပ်သာ”က ကြီးမှူးကျင်းပတဲ့ စတုတ္ထအကြိမ်မြောက် သက်ကြီးပူဇော်ကန်တော့ပွဲကို ယနေ့ နိုဝင်ဘာ ၃၀ ရက် နံနက် ၉ နာရီက ရန်ကုန်မြို မြောက်ဥက္ကလာပမြို့နယ်၊ ည/ရပ်ကွက် ဘုမ္မာ ၁၇ လမ်းရှိ မွန်မြတ်စိတ်ထားဘိုးဘွားရိပ်သာမှာ ကျင်းပခဲ့ပါတယ်။
“ကျွန်တော်တို့ သက်ကြီးပူဇော်ပွဲလေးကတော့ ၄ ကြိမ်မြောက်အနေနဲ့ ကျင်းပတာပါ။ အစက ပြင်ပက သက်ကြီးမိဘတွေလည်း ပါတယ်။ ရုပ်ရှင်သမားတွေလည်း ပါတယ်။ ရုပ်ရှင်သမားတွေပါတာကလည်း မွန်မြတ်စိတ်ထား စတည်ထောင်ချိန်မှာ ဘုမ္မာလမ်းမကြီးကို ပိတ်ပြီးဖျော်ဖြေပွဲတွေပါ လုပ်ဆောင်ခဲ့ကြတာပါ။ အဲဒီကာလ စည်ကားတဲ့အချိန်မို့ အမေများအဖွဲ့၊ မမများအဖွဲ့တွေလည်း ပါဝင်ကြတယ်။ စလုပ်ခဲ့တဲ့အချိန်က ဘတ်ဂျက်မရှိလို့ ငွေကြေးခက်ခဲတာကြောင့် ထိုင်ခုံလေးတွေရောင်းပြီးလုပ်ခဲ့တာမို့ သူတို့ပါ ထည့်ကန်တော့ခဲ့ကြတာပါ။ ကျွန်တော်တို့ ရည်ရွယ်ချက်က ကိုယ့်ထက်ဝါရင့်လူကြီးတွေကို ဂါရဝတရားထားဖို့လုပ်ဖြစ်ခဲ့တာပါ ”လို့ မွန်မြတ်စိတ်ထားရိပ်သာရဲ့ နာယကကြီး ဦးအေးကြူလေးကပြောပါတယ်။
အဆိုပါ အခမ်းအနားမှာတော့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ဒုတိယဥက္ကဋ္ဌ ဦးအေးကြူလေး၊ သရုပ်ဆောင် မတူး၊ Miss Golden Land Myanmar က အလှမယ် ချိုချိုလှိုင်ကို၊ အိမ်ထောင်ရှင် ပရဟိတ နယ်လှည့်ဆေးကုဆရာမမြတ်သစ္စာ၊ ရန်ရှင်းမောင်၊ ဆိုကရေးတီး ရွှေတံဆိပ်ဆုရှင် သိင်္ဂီဝင့်ထက် စတဲ့သူတွေက ကန်တော့ခံ အဘိုးအဘွားတွေကို တေးသီချင်းတွေသီဆိုပြီး ကပြဖျော်ဖြေခဲ့ကြပါတယ်။
ဒီ ကန်တော့ခံ ဘိုးဘွားဦးရေ ၂၅ ယောက်စာအတွက် ခေါက်ဆွဲခြောက်၊ မုန့် ၊ မျက်နှာသုတ်ပုဝါ၊ ဆေးဝါးစတဲ့ လှူဖွယ်ပစ္စည်းအစုစု တို့ကို ပါဝင်ကုသိုလ်ပြုလှူဒါန်း ပူဇော်ကန်တော့ခဲ့ပြီး နေ့လည်စာနဲ့ ဧည့်ခံခဲ့ကြပါတယ်။ ဒီရိပ်သာမှာတော့ ပရဟိတတွေကို လုပ်ဆောင်ပေးနေတဲ့ Volunteer အယောက် ၅၀ တို့က အခမဲ့လုပ်အားပေးနေကြတာလည်း ဖြစ်ပါတယ်။