၃၀.၁၁. ၂၀၂၄
Translated by Htwe Ko Tun
အိန္ဒိယနိုင်ငံတွင် နိုဝင်ဘာလ ၂၈ ရက်၌ ဆန္ဒပြပွဲတစ်ခုအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံအလံအား မလေးမစားပြုလုပ်မှုနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံအစိုးရ အကြံပေးအရာရှိချုပ် ဒေါက်တာ မူဟာမက်ယူနပ်စ် ပုံတူတို့အား မီးရှို့မှုတို့ဖြင့် ပြင်းထန်စွာ ရှုတ်ချခဲ့ကြောင်းသိရသည်။
ဘင်္ဂလားဒေ့ရှ်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနက အနာဂတ်တွင် ဤကဲ့သို့သောလုပ်ရပ်များ မဖြစ်ပွားစေရေးအတွက် အိန္ဒိယအစိုးရအနေဖြင့် ချက်ချင်းတားဆီးမှုပြုသည့် ဆောင်ရွက်ချက်များလုပ်ဆောင်ရန်လည်း တောင်းဆိုမှုပြုခဲ့ကြောင်း သိရသည်။
ဝန်ကြီးဌာနက ကိုလ်ကတ္တားမြို့ရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဒုတိယမဟာမင်းကြီးရုံးအပြင်ဘက်တွင် Bongio Hindu Jagran ခေါ် ဟိန္ဒူအုပ်စု၏ နိုဝင်ဘာလ မွန်းလွဲပိုင်းက အဆိုပါ ဆန္ဒပြမှုနှင့်ပတ်သက်၍ များစွာစိုးရိမ်မိကြောင်းလည်း ပြောကြားခဲ့သည်။
ဆန္ဒပြပွဲတွင် ဆန္ဒပြသူများက ရဲတပ်ဖွဲ့ အတားအဆီးများကို ချိုးဖောက်ဝင်ရောက်ခဲ့ကြပြီး ဘင်္ဂလားဒေ့ရှ် မဟာမင်းကြီးရုံး အနီးရောက်သည်အထိ အကြမ်းဖက်မှုများပြုခဲ့ကြသည်။ ထို့နောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံအလံနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံအစိုးရ အကြံပေးအရာရှိချုပ်ဒေါက်တာ မူဟာမက် ယူနပ်စ် ပုံတူတို့အား မီးရှို့ခဲ့ကြရာ ဘင်္ဂလားဒေ့ရှ်အစိုးရအဖို့ များစွာ မကျေမနပ် ဖြစ်ခဲ့ရခြင်းဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ကြေညာချက်တွင် ဘင်္ဂလားဒေ့ရှ် အစိုးရအနေဖြင့် အကြမ်းဖက်မှုပြုလုပ်သည့် ပုံစံတိုင်းအတွက် ရှုတ်ချကြောင်းနှင့် အိန္ဒိယနိုင်ငံအစိုးရကိုလည်း ကိုလ်ကတ္တားမြို့ရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဒုတိယမဟာမင်းကြီး၊ အိန္ဒိယနိုင်ငံရှိ သံတမန်အဖွဲ့အစည်းများနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ သံတမန်များနှင့် ဝန်ထမ်းများ၏ ဘေး အန္တရာယ်ကင်းမှုနှင့် လုံခြုံစိတ်ချရမှုကို အာမခံပေးရန် တိုက်တွန်းကြောင်း ဖော်ပြခဲ့သည်။
Ref-Dhaka Tribune