၃၀.၁၁. ၂၀၂၄
Written by Hey Mar
မနက်အစောပိုင်း မီးပျက်လို့ မီးစက်နှိုးပြီး အလုပ်လုပ်ရာက မီးစက်ပြုတ်ကျ မီးလောင်မှုဖြစ်စဉ် ရန်ကုန်တိုင်းဒေသကြီး၊ကြည့်မြင်တိုင်မြို့နယ်မှာ ဒီနေ့ နိုဝင်ဘာ ၃၀ ရက် မနက် ၆ နာရီ ၂၆ မိနစ်ခန့်က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဉ်က ကြည့်မြင်တိုင်မြို့နယ်၊ မန်ကျည်းတန်းတောင်အနောက်ရပ်ကွက်၊ ဥယျာဉ်လမ်းရှိ ဗဟိုစံပြငါးဈေး၊ ရေခဲကြိတ်စက်ရုံမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး မီးလောင်မှုကြောင့် စက်ရုံအလုပ်သမားတစ်ဦး မီးဟပ်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့တယ်လို့ နယ်မြေခံ လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။
အဆိုပါအသင်းတာဝန်ရှိသူက “မနက်က မီးပျက်တယ်လေ။ ပျက်တော့ သူတို့က မီးစက်ကို ခုံအမြင့်ပေါ် ခနော်နီခနော်နဲ့ တင်နှိုးထားပြီး အနောက်မှာ အလုပ်လုပ်နေကြတာ။ မီးစက်က ခုံပေါ်ကနေ ပြုတ်ကျပြီး စလောင်တာ။ သူတို့စက်ရုံက အလုပ်သမားတစ်ဦးလောက်ပဲ ဒဏ်ရာ နည်းနည်းရတယ်။ခဏနဲ့ ငြှိမ်းသတ်နိုင်ခဲ့ပါတယ်” လို့ MT News ကို ပြောပါတယ်။
မီးလောင်မှုဖြစ်ပွားကြောင်းသတင်းအရ ကြည့်မြင်တိုင်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်အုပ်စုထွက်ခွာ ငြှိမ်းသတ်ခဲ့ပြီး မနက် ၆ နာရီ ၃၆ မိနစ်အချိန်မှာ မီးထိန်းနိုင်ခဲ့ကာ ၆ နာရီ ၃၉ မိနစ် အချိန်မှာ မီးငြိမ်းတယ်လို့ သိရပါတယ်။