October 18, 2024

၇ . ၁ . ၂၀၂၃

Written By Thandar

ဇာတ်လမ်းတွေ ခပ်စိပ်စိပ်ရိုက်လာရတဲ့ သရုပ်ဆောင် ထက်အောင်ရှိုင်းကတော့ ‘အချစ်ကြိုး၀ိုင်း ‘ ဇာတ်ကားမှာ ယောက်ျားလေးတစ်ယောက်က မိန်းကလေးတစ်ယောက်အပေါ် လက်ပါမိတဲ့ Message ရောက်သွားရင် ခွင့်လွှတ်ပါလို့ ပြောပါတယ်။

“ကျွန်တော်ရဲ့ ဇာတ်ကားတွေမှာ Troll ခံရတာဆိုတော့လေ။ ပထမ အချစ်ကြိုး၀ိုင်းဇာတ်ကား Troll ခံရတာပါ။ ပါးရိုက်တဲ့အခန်း တော်တော်ပေါက်သွားတယ်။ ကျွန်တော်က ကာရိုက်တာအရသာ ရိုက်ရတာပါ။ ယောက်ျားလေးတစ်ယောက်က မိန်းကလေးတစ်ယောက် အပေါ် လက်ပါမိတဲ့ Message ရောက်သွားရင် ခွင့်လွှတ်ပါ။ အဲဒီလို Message မျိုးလည်း မပေးချင်ပါဘူး။ ဘယ်လို အခြေအနေပဲ ဖြစ်နေပါစေ။ လက်ပါစရာမလိုဘူးလို့ ကျွန်တော်မြင်ပါတယ်။ လက်ပါတဲ့ ယောက်ျားတွေကို အပြင်းအထန် ရှုတ်ချပါတယ်။ ကိုယ်တိုင်လည်း မိန်းကလေးနဲ့ ရန်ဖြစ်ရင် တစ်ခါမှ လက်မပါပါဘူး” လို့ ထက်အောင်ရှိုင်းက ပြောပါတယ်။

ထက်အောင်ရှိုင်း၊ နေရဲ၊ ရွှေသမီးနဲ့ စိုးပြည့်သဇင်တို့ ပါ၀င်သရုပ်ဆောင်ထားတဲ့ ‘အချစ်ကြိုး၀ိုင်း ‘ဇာတ်ကားမှာ ပရိသတ်တွေ Troll ခံရတာနဲ့ ပတ်သက်ပြီးတော့ အခုလိုရှင်းပြလာတာပဲ ဖြစ်ပါတယ်။ လက်ရှိထုတ်လွှင့်မယ့် “ချစ်မိတော့လည်း ဇွတ်”ဇာတ်လမ်းတွဲမှာတော့ အသက် ၃၀ ကျော်အရွယ် ဇီဇာကြောင် အသန့်ကြိုက် တည်ငြိမ်ရင့်ကျက်သူ ဆရာဝန် လူပျိုကြီး “သုတကျော်”နေရာမှာ သရုပ်ဆောင်ထားပါတယ်။

“မတည့်တဲ့ သူငယ်ချင်းနှစ်ယောက် လုံး၀ အရမ်းဟာသဖြစ်စေမယ့် ကားလေးပါ။ ပေါ့ပေါ့ပါးပါးလေးနဲ့ အရမ်းလည်း မိုက်ပါတယ်။ မခေးကလည်း ရိုက်ကွင်းမှာ စတွေ့ကတည်းက အထာမရှိဘူး၊ ပဲတွေ သိပ်မများဘူး။ တစ်ခါမှလည်း မခေးနဲ့ ကျွန်တော် ရိုက်ကူးရေးမဆုံဖူးပါဘူး။ ဆုံတဲ့အချိန်မှာ ပွင့်ပွင့်လင်းလင်း သရုပ်ဆောင်နိုင်ခဲ့ပါတယ်။ သူငယ်ချင်းနှစ်ယောက်က အမြဲတမ်းရန်ဖြစ်နေတယ်။ သတ်နေတာဆိုတော့ ပေါ့ပါးခင်မင်ရင်းနှီးမှ ကာရိုက်တာပီပြင်မှာလေ။ မခေးက စိတ်သဘောထားကောင်းတော့ ရိုက်ရတာ အရမ်းအဆင်ပြေပါတယ် ” လို့ သူက ဆက်လက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *