၃၀. ၁၁. ၂၀၂၄
Written by Nay Moe
ကြို့ပင်ကောက်မြို့နယ် အနီးတဝိုက်ရွာများသို့ နှီးများလှည့်လည် ရောင်းချသူတစ်ဦးကို သတင်းပေးစွပ်စွဲကာ ကြို့ပင်ကောက် PDF သတ်ဖြတ်ခဲ့သည့်အပြင် ဖုန်းနှင့်ငွေသားများပါ လုယက်ခဲ့ကြောင်း ယနေ့တွင် ဝန်ခံချက်ထုတ်ပြန်လာသလို ယခုရက်ပိုင်းအတွင်း ကြို့ပင်ကောက် PDF သတ်ဖြတ်ခံရသူမှာ ငါးဦးအထိရှိလာကြောင်း သိရသည်။
ကြို့ပင်ကောက် PDF အဖွဲ့က နိုဝင်ဘာ ၂၈ ရက် ည ၇ နာရီ ၃၅ မိနစ်အချိန်တွင် ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ ကုန်းရွာအုပ်စု၊ ကွင်းချောင်းကျေးရွာတွင် နေထိုင်သူ ကိုနေထက်လင်းဆိုသူအား သာယာဝတီခရိုင်၊ တပ်ရင်း ၃၈ဝ၂၊ တပ်ခွဲ (၁) Dragon Brothers (GBK – PDF) နေအိမ်အထိ သွားရောက်သတ်ဖြတ်လိုက်ကြသည့်အပြင် မိုဘိုင်းဖုန်းတစ်လုံးနှင့် ငွေသားများ လုယက်သိမ်းယူခဲ့သည်ဟုလည်း ဝန်ခံထားသည်။
ကိုနေထက်လင်းအပါအဝင် ညီအစ်ကိုရင်း သုံးယောက်လုံးသည် ပျူစောထီး(ပြည်သူ့စစ်) သင်တန်းဆင်းများဖြစ်ကြပြီး အလတ်ဖြစ်သူ နေထက်လင်းက နှီးရောင်းသမားအသွင်ဖြင့် သတင်းပေးဆောင်ရွက်ကာ စစ်ကြောင်းထွက်ချိန်တွင် အရှေ့မှ ဆိုင်ကယ်ဖြင့် ကင်းထောက်လုပ်ငန်းများ လုပ်ဆောင်သူဖြစ်ကြောင်း ကုန်းရွာအုပ်စု အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးစိုးမင်းနိုင်နှင့်လည်း အမျိုးတော်စပ်ကြပြီး တပ်၏ အဓိကထောက်တိုင်များဖြစ်ကြောင်းလည်း သတ်ဖြတ်လုယက်သည့် ကြို့ပင်ကောက် PDF ၏ နိုဝင်ဘာ ၂၉ ရက် ရက်စွဲဖြင့် ထုတ်ပြန်ချက်တွင် စွပ်စွဲထားသည်။
ကြို့ပင်ကောက် PDF အနေဖြင့် ယခုရက်ပိုင်းအတွင်း လူငါးဦးကို သတင်းပေးဒလန်ဟု စွပ်စွဲကာ သတ်ဖြတ်ထားသည်ဟု ဝန်ခံထားပြီး နိုဝင်ဘာ ၂၆ ရက် ရက်စွဲဖြင့် ဝန်ခံချက်အရ ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ဝိုင်းအုပ်စု၊ ကိုင်းတောစုကျေးရွာနေ ဦးမောင်မောင်သန်း အသက် (၅၃)နှစ်ကို အောက်တိုဘာ ၃၀ ရက် ညနေ ၅ နာရီခွဲ အချိန်တွင် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁၊ တပ်ခွဲ -၁ YOMA (GBK)ပြည်သူကာကွယ်ရေးတပ်ဖွဲ့နှင့် သာယာဝတီခရိုင် ပကဖအဖွဲ့ ၂ ဖွဲ့ပေါင်းကာ သတ်ဖြတ်လိုက်ကြပြီး လက်ကိုင်ဖုန်းတစ်လုံးကိုပါ လုယက်သိမ်းယူခဲ့သည်ဟုလည်း သိရသည်။
ဦးမောင်မောင်သန်းသည် ရပ်ရွာအတွင်း PDF များ၏ လှုပ်ရှားမှုကို လိုက်လံ စုံစမ်းပြီး ဝိုင်းရဲစခန်းအား တိုင်ကြား သတင်း ပေးပို့ချင်း၊ PDF နင့် အဆက်အသွယ်ရှိသော ထောက်ပို့ပေးသူများအပေါ် တိုင်ကြားခြင်းများ လုပ်ဆောင်နေမှုကြောင့် သာယာဝတီခရိုင်၊ ပကဖနှင့် တပ်ခွဲ -၁ Yoma (GBK) တို့အား တိုင်ကြား၍ သတ်လိုက်သည်ဟုလည်း ဝန်ခံထားသည်။
အခြားကျူးလွန်မှုဖြစ်စဥ်များအဖြစ် နိုဝင်ဘာ ၂၃ ရက်တွင် ကြို့ပင်ကောက်မြို့၊ နဂါးနီလမ်းနေ အမှိုက်ကောက် (ပလုံ) ကောက်သူ ကိုထွန်းမင်းစိုးဆိုသူအား ပလုံကောက်ဟန်ဆောင်ကာ PDF သတင်းများ ထောက်လှမ်းနေသည်စွပ်စွဲပြီး သတ်ဖြတ်ထားသည်။
အလားတူ နိုဝင်ဘာ ၂၅ ရက် ညနေ ၄ နာရီခွဲခန့်တွင်လည်း ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ လှေတုံးကျေးရွာအုပ်စု၊ စီကောက်ပင်ရွာမှ ဦးဝင်းအောင်အား သတင်းပေးဟုဆိုကာ ဆိုင်ကယ်စီးလာစဉ် ညောင်ဝိုင်ရွာအနီး၌ သာယာဝတီခရိုင်၊ တပ်ရင်း ၃၈၀၂၊ တပ်ခွဲ – (၁) Dragon Brothers (GBK- PDF) မှ ဦးခေါင်းတည့်တည့်အား သေနတ်ကျည် ၄ ချက်ဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ပြီး ၎င်းထံမှ ဖုန်း ၁လုံးအား လုယက်သိမ်းဆည်းခဲ့ကြောင်းလည်း ဝန်ခံထားသည်။
ထို့အပြင် ဦးကျော်လွင်ဦးဆိုသူတစ်ဦးကိုလည်း လုံခြုံရေးတပ်ဖွဲ့ကို လမ်းပြသည်ဟုဆိုကာ နိုဝင်ဘာ ၂၆ ရက် နံနက် ၆ နာရီအချိန်တွင် နေထိုင်ရာ ဘော်ဘင်ရွာသို့ဝင်ရောက်ကာ ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ် BTZM GBK PDF ရိုးမအခြေပြုတပ်ဖွဲ့မှ သတ်ဖြတ်လိုက်သည်ဟု ဝန်ခံထားသည်။
ပဲခူးတိုင်းသည် အုပ်ချုပ်ရေးမှူးနှင့် ပြည်သူအများအပြား သတ်ဖြတ်ခံရသည့် တိုင်းတစ်ခုဖြစ်သလို နွေဦးတော်လှန်ရေးစတင်ချိန်မှ ၂၀၂၄ ခုနှစ် ဇူလိုင်လကုန်အထိ ကလေးသူငယ် ၂၃၀ ကျော်၊ သံဃာတော် အပါး ၉၀ ကျော်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် ဆရာဆရာမ၊ နိုင်ငံ့ဝန်ထမ်း ၁၂၀၀ ခန့်အပါအဝင် ပြည်သူ ၈၀၀၀ ခန့်မှာ “ဒလန်၊ သူလျှို၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များဖြင့် NLD, NUG, PDF, EAOs တို့ သတ်ဖြတ်မှု ခံထားရသည်။