၃၀. ၁၁. ၂၀၂၄
Written by Nyein Kyaw
ဗဟိုဘဏ်မှ ထိုင်းဘတ် ၁၆ ဒသမ ၅၄၁ သန်း ထပ်မံထုတ်ရောင်းပေးခဲ့၍ ယခုနိုဝင်ဘာလအတွင်း ထိုင်းဘတ် ၃၆၂ သန်းခွဲကျော် ထုတ်ရောင်းပေးထားကြောင်း နိုဝင်ဘာလ ၂၉ ရက် (ယမန်နေ့)တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။
ဗဟိုဘဏ်အနေဖြင့် ထိုင်းဘတ်များကို ယခုထုတ်ရောင်းပေးခဲ့ခြင်းအပါအဝင် နိုဝင်ဘာအတွင်း ထိုင်းဘတ် ၁၁ ကြိမ် ထုတ်ရောင်းပေးခဲ့ပြီး စုစုပေါင်း ထိုင်းဘတ် ၃၆၂ သန်းခွဲကျော် ရောင်းချပေးထားသည်။ ထို့ပြင် ယခု နိုဝင်ဘာလအတွင်း ဒေါ်လာ ၉၄ သန်းကျော်နှင့် တရုတ်ယွမ် ၁၃ ဒသမ ၇၅ သန်း ထုတ်ရောင်းပေးခဲ့ပြီးဖြစ်သည်။
ပြီးခဲ့သည့် ဩဂုတ်လ ၁ ရက်မှ နိုဝင်ဘာလ ၂၉ ရက်အထိ လေးလအတွင်း ဒေါ်လာ ၃၃၅ သန်းကျော်၊ ထိုင်းဘတ် ၁ ဒသမ ၂၇၄ ဘီလျံကျော်နှင့် တရုတ်ယွမ် ၅၆ သန်းခန့်အထိ ထုတ်ရောင်းပေးထားခဲ့သည့်အပြင် ယခုဘဏ္ဍာနှစ် ခုနစ်လအတွင်း စက်သုံးဆီ၊ စားသုံးဆီနှင့် သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာတစ်ဘီလျံ ထုတ်ရောင်းပေးခဲ့သည်။
ယင်းကဲ့သို့ ဗဟိုဘဏ်မှ နိုင်ငံခြားငွေများ ဆက်တိုက်ထုတ်ရောင်းပေးခဲ့မှုကြောင့် ဒေါ်လာဈေး ဆွဲတင်မှုများရှိနေသော်လည်း ယနေ့တွင် တစ်ဒေါ်လာ ၄၉၉၀ ကျပ်၊ ထိုင်းဘတ် တစ်ဘတ် ၁၃၀ ကျပ်နှင့် တရုတ်ယွမ် တစ်ယွမ် ၆၁၈ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်လျက်ရှိသည်။