၂၉. ၁၁. ၂၀၂၄
Written by Nyein Kyaw
ပြည်တွင်း တာယာလိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရေး အမြတ်ကို အဓိကမထားဘဲ အရေအတွက်များများဖြင့် အရည်အသွေးပြည့်မီစွာ ရောင်းချပေးနိုင်ရေး ဆောင် ရွက်သွားရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့တွင် မြန်မာစီးပွားရေးကော်ပိုရေး ရှင်း၊ တာယာစက်ရုံ(ရွာမ)သို့ သွားရောက်ကြည့်ရှုစစ်ဆေးစဉ် ပြောကြားသည်။
မြန်မာနိုင်ငံတွင် ဆိုင်ကယ်အစီးရေ ၅ သန်းခန့်ရှိပြီး ပြည်တွင်း တာယာလိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရေး အမြတ်ကို အဓိကမထားဘဲ အရေအတွက်များများဖြင့် အရည်အသွေးပြည့်မီစွာ ရောင်းချပေးနိုင်ရေး ဆောင် ရွက်သွားရမည်ဖြစ်ကြောင်း၊ မိမိတို့ထုတ်လုပ်သည့် ဆိုင်ကယ်တာယာများအပြင် အခြားပြည်တွင်းမှ ထုတ်လုပ်သည့် မော်တော်ဆိုင်ကယ်တာယာများ ဈေးကွက်ရရှိရေးကိုလည်း ဆောင်ရွက်ပေးရန်လိုကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
ပြည်တွင်းလိုအပ်ချက်အတွက် ပြည်ပမှ တင်သွင်းနေရသည့်အတွက် နိုင်ငံခြားငွေများ ကုန်ကျနေရသကဲ့သို့ ပြည်သူများအနေဖြင့်လည်း ဈေးနှုန်းကြီးမြင့်စွာဖြင့် ဝယ်ယူသုံးစွဲနေရကြောင်း၊ ထို့ကြောင့် ပြည်တွင်းမှ ထုတ်လုပ်သည့်တာယာများဖြင့် ပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူသုံးစွဲနိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးကို အဓိကဆောင်ရွက်သည့် နိုင်ငံဖြစ်သည့်အတွက် လယ်ယာသုံးစက်ကိရိယာများတွင် အသုံးပြုသည့် တာယာများကိုလည်း ထုတ်လုပ်ပေးနိုင်ရေး ဆက်လက်ဆောင်ရွက်သွားရန်လိုကြောင်း၊ ပြည်တွင်း၌ အဆင့်မြင့် ရာဘာများထုတ်လုပ်နိုင်ရေးနှင့် ရာဘာထုတ်ကုန်ပစ္စည်းများ တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်သွားရန်လိုကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
အဆိုပါ တာယာစက်ရုံ(ရွာမ) ထုတ်လုပ်သည့် TRI STAR တာယာများကို ပြည်ပနိုင်ငံများသို့ တင်ပို့လျက်ရှိပြီး အရည်အသွေးကောင်းမွန်ခိုင်ခံ့မှုများကြောင့် ပြည်ပဈေးကွက်တွင် လူကြိုက်များသည့် တာယာအမျိုးအစားအဖြစ် ရပ်တည်လျက်ရှိကြောင်း၊ သုတေသနပြု တာယာများသည် အရည်အသွေးကောင်းမွန်ခိုင်ခံ့မှုရှိသည့်အပြင် ဈေးနှုန်းမှန်ကန်စွာဖြင့်လည်း ပြည်တွင်း၌ ဝယ်ယူသုံးစွဲနိုင်ကြောင်း သိရသည်။