၇. ၁. ၂၀၂၃
Translated by Htwe Ko Tun
မြန်မာနိုင်ငံမှတရားမဝင်ပြောင်းရွှေ့လာသူ ၂၉ ဦးနှင့် လူကုန်ကူးဂိုဏ်းတစ်ဂိုဏ်းမှ အဖွဲ့ဝင် လေးဦးတို့ လိုက်ပါလာသည့် အလုံပိတ်ဗင်ကားတစ်စီးကို ထိုင်းရဲတပ်ဖွဲ့က ထိုင်းနိုင်ငံတောင်ပိုင်း၊ ဆုံခလာပြည်နယ်၊ ဘန်ကလမ်ခရိုင်အတွင်း ဇန်နဝါရီ ၆ ရက် ညပိုင်းတွင် စစ်ဆေးဖမ်းမိခဲ့သည်။
ထိုင်းနိုင်ငံလူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့ဝင်များက တရားမဝင်ပြောင်းရွှေ့လာသူများနှင့် လူကုန်ကူးဂိုဏ်းအဖွဲ့ဝင်များ အပြည့်အကျပ်လိုက်ပါလာသည့် အဝေးပြေးလမ်းများဦးစီးဌာန၏ အဝါရောင်တံဆိပ်ကပ်ထားသော အဖြူရောင်ဗင်ကားတစ်စီးကို ဘန်ကလမ်ခရိုင်အတွင်း ည ၈ နာရီခန့်က စစ်ဆေးတွေ့ရှိ ဖမ်းမိခဲ့ခြင်းဖြစ်သည်။
တရားမဝင်ပြောင်းရွှေ့လာသူများမှာ မြန်မာနိုင်ငံသားများဖြစ်ကြပြီး လူကုန်ကူးဂိုဏ်း အဖွဲ့ဝင်လေးဦးတွင် မြန်မာနိုင်ငံသားတစ်ဦးနှင့် ထိုင်းနိုင်ငံသားသုံးဦးပါဝင်ကြောင်း သိရသည်။ ဖမ်းဆီးမိသူများ၏ ပြောကြားချက်များအရ အဆိုပါ ဗင်ကားသည် မြန်မာ-ထိုင်းနယ်စပ် ပရာချွတ် ကီရိခန် ပြည်နယ်အတွင်းမှ ဘန်ကလမ်ခရိုင်သို့ သယ်ဆောင်လာခြင်းဖြစ်ပြီး ဘန်ကလမ်ခရိုင်အရောက်တွင် အခြားလူကုန်ကူးအုပ်စုတစ်ခုက ၎င်းတို့ကို မလေးရှားနယ်စပ် နာရာသီဝပ်ပြည်နယ်သို့ ဆက်လက်သယ်ဆောင်သွားမည်ဟုသိရသည်။
ရဲတပ်ဖွဲ့အနေနှင့် အထင်အမြင်မှားစေရန် အစိုးရဌာနဖြစ်သော အဝေးပြေးလမ်းများဦးစီးဌာန၏ အဝါရောင်တံဆိပ် ကို ကပ်ထားခြင်းဖြစ်ပြီး အမှန်တကယ် ယင်းဌာနပိုင်မဟုတ်ကြောင်း လူကုန်ကူးဂိုဏ်းအဖွဲ့ဝင်များက ဝန်ခံခဲ့ကြသည်။
၎င်းတို့အား ဘန်ကလမ်ခရိုင်ရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးအပြီးတွင် ပြောင်းရွှေ့ဝင်ရောက်လာသူများကို ထိုင်းနိုင်ငံအတွင်း တရားမဝင်ဝင်ရောက်မှုနှင့်စွဲချက်တင်ကာ မြန်မာနိုင်ငံသို့ပြန်ပိုမည်ဟု သိရသည်။
Ref— Bangkok Post