၂၉.၁၁.၂၀၂၄
Translated by Htwe Ko Tun
ပြည်ပနိုင်ငံအများအပြားမှာ အခြားသော ဘာသာဝင်တွေမှာ ဗုဒ္ဓဘာသာကို လေ့လာယုံကြည်ကြပြီး သာသနာဘောင်ဝင်ရောက်ကာ ရဟန်းဘဝခံယူခဲ့ကြသူတွေက အရင်ကလည်း တွေ့ဖူးကြမှာပါ။ ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ အသက်ကလည်း ၁၈ နှစ်သာရှိသေးတဲ့အပြင် ဖခင်ဖြစ်သူက မလေးရှားနိုင်ငံရဲ့ဆက်သွယ်ရေးလုပ်ငန်းမှ ဘီလျံနာသူဌေးကြီးတစ်ဦးဖြစ်တဲ့အတွက် သူ့ဘဝအနာဂတ်မှာ ဘီလျံနာတစ်ဦးဖြစ်ဖို့ သေချာနေတဲ့ မလေးရှားလူငယ်တစ်ဦးက ပိုင်ဆိုင်မှုတွေကိုစွန့်ကာ သာသနာ့ဘောင်ကို ဝင်ရောက်ဖို့ လမ်းကြောင်းကို ရွေးခဲ့တာက နိုင်ငံတကာ သတင်းမီဒီယာတွေမှာ ထူးခြားတဲ့သတင်း ဖြစ်ရပ်တစ်ခုအဖြစ် ထွက်ပေါ်လာခဲ့ရပါတယ်။
မလေးရှားဘီလျံနာသူဌေးကြီး အနန်ဒါ ခရစ်ရှ်နန်ရဲ့ တစ်ဦးတည်းသော သားလည်းဖြစ်တဲ့ အခုအခါမှာတော့ ဗုဒ္ဓသားတော် သံဃာတစ်ပါးဖြစ်နေတဲ့ Ajahn Siripanyo က သူအသက် ၁၈ နှစ်အရွယ်မှာ သူ့ ရဲ့ ထိုင်းနိုင်ငံက မိခင်ဖြစ်သူမိသားစုကို တွေ့ဆုံကန်တော့ရအောင် ထိုင်းနိုင်ငံကို လာခဲ့တာပါ။ သူ့ရဲ့ ခရီးစဉ် အတွင်းမှာပဲ သူက ပထမတော့ အပျော်သဘောအနေနဲ့ ဒုလ္လဘသင်္ဃန်းဝတ်ကာ ခေတ္တရဟန်းဘဝခံယူခဲ့ပါတယ်။
ဒီနောက်မှာတော့ အရှင် Ajahn Siripanyo ဟာ ဗုဒ္ဓသံဃာတစ်ပါးအဖြစ် အမြဲတန်းခံယူဖို့ ရည်ရွယ်ကာ သူပိုင်တဲ့ စည်းစိမ်ဥစ္စာတွေကို စွန့်လွှတ်ခဲ့ပါတော့တယ်။ဖခင်ဖြစ်သူ ခရစ်ရှ်နန်က မလေးရှားမှာ တတိယ အချမ်းသာဆုံးလည်းဖြစ်ပြီး အမေရိကန်ဒေါ်လာ ၅ ဘီလျံခန့် ပိုင်ဆိုင်ကြွယ်ဝတယ်လို့ ယူဆကြပါတယ်။ စီးပွားရေးလုပ်ငန်းအရ တယ်လီကွန်းလုပ်ငန်း၊ ဂြိုဟ်တုတွေ၊ မီဒီယာတွေ၊ သဘာဝဓာတ်ငွေ့နဲ့ အိမ်ခြံမြေကဏ္ဍတွေအထိ ကျယ်ပြန့်ပါတယ်။ Aircel ဖုန်းကုမ္ပဏီကိုလည်း ပိုင်ဆိုင်ပါတယ်။
မစ္စတာ ခရစ်ရှ်နန် ရဲ့ အမွေကိုဆက်ခံပိုင်ဆိုင်ဖို့ တစ်ဦးတည်းသောသားအဖြစ် ငယ်စဉ်တည်းကတည်ရှိလာခဲ့ပေမယ့် ဖခင်ကိုယ်တိုင်က လေးစားသမှုပြုရတဲ့ ဒီဆုံးဖြတ်ချက်ကို အရှင် Ajahn Siripanyo က အသက် ၁၈ နှစ်အရွယ်မှာပဲ ဆုံးဖြတ်ခဲ့တာပါ။
မစ္စတာ ခရစ်ရှ်နန်ကလည်း သာသနာကို အလွန်ရိုသေ ကိုင်းရှိုင်းတဲ့ ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်ပြီး အလှူဒါန ပြုရန် ရက်ရောကာ စာနာထောက်ထားတတ်သူတစ်ဦးလို့လည်း သိရပါတယ်။
ဒါပေမယ့် ထိုင်း-မလေးရှား သွေးနောတဲ့သားဖြစ်သူ အ ရှင် Ajahn Siripanyo က သာသနာ့တာဝန်ကို ဆက် လက် ထမ်းဆောင်နိုင်ဖို့ လက်တွေ့ဘဝမှာ ဒီပိုင်ဆိုင်မှုတွေကို စွန့်လွှတ်ရှုတ်ချခဲ့တာပါ။
ဆရာတော် Ajahn Siripanyo က ညီမနှစ်ယောက်နဲ့ အတူ ယူနိုက်တစ်ကင်းဒမ်းမှာ ပညာသင်ရင်း ကြီးပြင်းခဲ့သူပါ။ အင်္ဂလိပ်ဘာသာ အပါအဝင် ဘာသာစကားရှစ်မျိုးကိုလည်း တတ်မြောက်ပါတယ်။ မိခင်ဖြစ်သူကလည်း ထိုင်းတော်ဝင်မိသားစုက ဆင်းသက်လာသူတစ်ဦးလို့ သိရပါတယ်။
အခုအခါမှာတော့ ဆရာတော် Ajahn Siripanyo က ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ Dtao Dum ဘုန်းကြီး ကျောင်းတိုက်မှာ သီတင်းသုံးနေထိုင်တယ်လို့ သိရပါတယ်။ ဆရာတော်က ရံဖန်ရံခါတော့ ဖခင်ဖြစ်သူနဲ့ တွေ့ဆုံတတ်တယ်လို့လည်း သိရပါတယ်။
Ref- NDTV