၂၉.၁၁.၂ဝ၂၄
Written by K Pyay Thein
ပြည်ထောင်စုအဆင့်(သို့မဟုတ်)တိုင်းဒေသကြီးအဆင့် ပရဟိတလူမှုကူညီရေးအသင်းတွေ မှတ်ပုံတင်မယ်ဆိုပါက Show Money ဘဏ်စာရင်းသိန်း ၅ဝဝ ပြရမယ်လို့ သိရပြီး ယခုသတ်မှတ်ချက်ဟာ ဖောင်းပွနေတဲ့ပရဟိတအသင်းတွေကို စိစစ်ထိန်းချုပ်လိုက်တဲ့သဘောဖြစ်နိုင်တယ်လို့ လူမှုကူညီရေးသမားတွေသုံးသပ်ထားကြပါတယ်။
လက်ရှိမှာ မြို့နယ်နဲ့ ခရိုင်အဆင့်လူမှုရေးအသင်းတွေရဲ့မှတ်ပုံတင်မှုတွေကိုတော့ မည်သည့်ကန့်သတ်ချက်မှမရှိဘဲ သက်ဆိုင်ရာကခွင့်ပြုပေးနေပြီး မြို့နယ်၊ ခရိုင်အဆင့်လူမှုရေးအသင်းတွေကတော့ Show Money ပြစရာမလိုဘူးလို့ သိရပါတယ်။
“ဒါက ဒီလိုလေ ပြည်ထောင်စုနဲ့တိုင်းအဆင့်ကိုမှတ်ပုံတင်တဲ့ လူမှုရေးအသင်းအဖွဲ့တွေက တင်လည်းရတယ်၊ မတင်လည်းရတယ်။ မြို့နယ်၊ ခရိုင်အဆင့်အသင်းအနေနဲ့ တင်လို့ရတယ်။ ပြည်ထောင်စုနဲ့တိုင်းအဆင့်တင်မယ်ဆိုရင်တော့ ဘဏ်အကောင့်ထဲမှာ Show Money သိန်း ၅၀၀ ပြရမယ်။ အဲ့ဒါကတော့ပါတယ်။ သိန်း ၅၀၀ ဆိုပြီးတရား၀င်ထွက်လာတာပေါ့နော်။ ဒါပေမဲ့ အပြင်ကို ကြေညာချက်တော့ သူတို့မထုတ်သေးဘူး။ အသင်းတွေက မှတ်ပုံလာတင်လာတဲ့အခါမှာပဲ သူတို့ဘက်က ပြောပြတဲ့သဘောမျိုးရှိပါတယ်။ လာတင်တဲ့အခါမှပဲ၊ Show Money သိန်း ၅၀၀ ရှိရမယ်ပေါ့။ ဒီသိန်း ၅ဝဝ ဆိုတာကလည်း အသင်းရဲ့
မ,တည်ငွေအဖြစ်ရှိနေရမယ်။ အခုက ပရဟိတအသင်းတွေက ဖောင်းပွလာတော့ ဘယ်လိုခေါ်မလဲ စည်းမျဥ်း၊စည်းကမ်းတစ်ခုကို သတ်မှတ်လိုက်တဲ့သဘောလားတော့ မသိဘူးပေါ့။ မြို့နယ်အဆင့်တို့ ခရိုင်အဆင့်တို့က မပါပါဘူး။ အသံမကြားပါဘူး။ ပြည်ထောင်စုအဆင့်နဲ့ တိုင်းအဆင့်အသင်းတွေ မှတ်ပုံတင်မှသာ
Show Money ပြရမှာပါ။ မြို့နယ်၊ ခရိုင်အဆင့်တွေကိုတော့ ခွင့်ပြုပေးနေပါတယ်။ဒီလိုသတ်မှတ်တာကပိုပြီးတော့စနစ်ကျလာမယ်၊ ပိုပြီးတော့ကောင်းသွားတာပေါ့”လို့ စေတနာရှင် ပရဟိတအသင်း(ရန်ကုန်)ရဲ့တည်ထောင်သူက MT News ကို ပြောပြပါတယ်။
မကြာသေးမီရက်ပိုင်း ယခုနိုဝင်ဘာလအတွင်းမှာ စေတနာရှင်ပရဟိတအသင်း(ရန်ကုန်)က သူတို့အသင်းပြန်လည်မှတ်ပုံတင်ရာမှာတော့ ဘဏ်စာရင်းရှင်းတမ်းတွေနဲ့ Show Money တွေကို ပြသခဲ့ရတာဖြစ်တယ်လို့ အဲ့ဒီလူမှုကူညီရေးအသင်းရဲ့ တည်ထောင်သူက Facebook လူမှုကွန်ရက်ပေါ်မှာသတင်းစကားပါးရင်း ပြန်လည်မျှဝေထားခဲ့တာဖြစ်ပါတယ်။
“ဒါက အခု ၂၀၂၄ ခုနှစ်၊ နို၀င်ဘာမှာ စ သတ်မှတ်လိုက်တဲ့ သဘောရှိပါတယ်။ ဒီနှစ်လောက်က စ သတ်မှတ်လိုက်တဲ့သဘောပေါ့။ လာမယ့်နှစ်မှာတော့သူတို့က တရားဝင်စာထုတ်မယ့် သဘောရှိပါတယ်။တကယ်လုပ်ဆောင်နိုင်တဲ့အသင်းတွေ တကယ်တော်တဲ့ အသင်းတွေလည်း ရှိပါတယ်။ နိုင်ရာ၀န်ထမ်းကြတဲ့အသင်းတွေ ရှိကြပါတယ်။ ဒါပေမဲ့သိန်း ၅၀၀ မပြနိုင်ရင်ဆိုလို့ရှိရင် ပြည်ထောင်စု၊ တိုင်းအဆင့် မလုပ်ရဘူးဆိုရင် လိုင်စင်ပိတ်သိမ်းတာတွေ ရှိလာနိုင်တယ်။တကယ်ကူနေတဲ့အသင်းတွေမှာ သိန်း ၅၀၀ မရှိဘူးလေ။ အကိုတို့လည်း သိန်း ၅၀၀ ပြပါဆိုရင် မရှိဘူး။သိန်း ၅၀ ဆိုရင်တောင် မနည်းတော့ဘူးလေ။လောလောဆယ်မှာ ၅ သိန်းလောက်ပြပါဆိုရင် ဖြစ်နိုင်တာပေါ့။ သိန်း ၅၀၀ ဆိုတာက အတော်ကြီးကို အကြီးကြီးဖြစ်သွားတယ်။ ပထမက သိန်း ၂၀၀ ကြားတယ်။အခုက ဘယ်လိုသိန်း ၅၀၀ ဖြစ်သွားလဲ မသိဘူးပေါ့။ပထမ ကနဦးထုတ်ထားတဲ့စည်းမျဥ်းမှာတော့ အသင်း အဖွဲ့တွေ တည်ထောင်ပြီးလုပ်မယ်ဆိုရင် မ,တည်ငွေအနည်းဆုံး တစ်သိန်းရှိရမယ်။ နောက်ပရဟိတနဲ့ပတ်သက်တဲ့လုပ်ငန်းတွေ လုပ်ဆောင်ချက်တွေရှိရမယ်။ လုပ်ဆောင်တဲ့နေရာမှာလည်း ဖွဲ့စည်းပုံ၊လူအင်အား နောက်အသင်းပိုင်ဆိုင်မှုပစ္စည်းစာရင်း ဒီလောက်ပါပဲ။ အခု ဒီသတ်မှတ်ချက်က ဒီနှစ်နို၀င်ဘာမှာ စပြီးပြောင်းသွားတာဖြစ်ဖို့များပါတယ်”လို့ ဝါရင့် ပရဟိတသမားတစ်ဦးက ဆက်လက်ပြောပြခဲ့ပါတယ်။
လက်ရှိမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ဆိုပါက ပြည်ထောင်စုအဆင့်လူမှုရေးအသင်းတွေ ထောင်နဲ့ချီရှိနေသလို တိုင်းအဆင့်ပရဟိတလူမှုရေးအသင်းတွေဟာလည်း ထောင်နဲ့ချီရှိနေတာဖြစ်တယ်လို့ သိရပါတယ်။
“ဒီသတ်မှတ်ချက်နဲ့ ဆိုရင်တော့ ပရဟိတအသင်းတွေလျော့သွားမှာပေါ့။ တိုင်းဒေသကြီးအဆင့်အသင်းတွေတော်တော်လျော့သွားမယ်။ ပြည်ထောင်စုအဆင့်အနေနဲ့ မှတ်ပုံတင်ထားတဲ့အသင်းတွေတောင်အခု ၂၀၂၄ မှာသက်တမ်းကုန်ကြပါပြီ။ သူက သက်တမ်းကုန်ပြီဖြစ်လို့ သက်တမ်းကုန်တဲ့အသင်းတွေဟာ အကုန်လုံးအသစ်ပြန်လျှောက်ရတော့မယ်။ အသစ်ပြန်လျှောက်ရမှာဖြစ်တဲ့အတွက်ကြောင့်မို့ သူကဒီပြန်လျှောက်တဲ့အခါမှာ သိန်း ၅၀၀ ပြရမယ်ဆိုတဲ့စနစ်ကို ဒီနှစ်မှာစလုပ်တယ်လို့ ထင်ပါတယ်။ ဒါကိုပြရမယ်ဆိုရင် ပြန်လျှောက်နိုင်မယ့် အသင်းအဖွဲ့တွေကနည်းသွားမယ်။ အဲ့လိုတော့မြင်ပါတယ်။ လိုင်စင်သက်တမ်းသတ်မှတ်ထားတာက ၅ နှစ်တစ်ခါပါ။ ၅ နှစ်တစ်ကြိမ်အသင်းပြန်လည်မှတ်ပုံတင်ခွင့်လျှောက်ရမှာ ဖြစ်ပါတယ်”လို့ စေတနာရှင်ပရဟိတအသင်း(ရန်ကုန်)ရဲ့ တည်ထောင်သူက ဆက်လက်ပြောပြပါတယ်။
ဒါ့အပြင် လူမှုကူညီရေးပရဟိတအသင်းတွေအနေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုအပိုင်းကို အဓိကထားလုပ်ဆောင်ပါက ကျန်းမာရေး၀န်ကြီးဌာနမှာ မှတ်ပုံတင်လျှောက်ထားရယူရမှာဖြစ်သလို ရှာဖွေကယ်ဆယ်ရေးကို အဓိကထားလုပ်ဆောင်တဲ့အသင်းဖြစ်ပါက လူကယ်ပြန်ဝန်ကြီးဌာနနဲ့ မီးသတ်ဦးစီးဌာနတို့မှာ မှတ်ပုံတင်ခွင့်ကို လျှောက်ထားရယူရမှာ ဖြစ်တယ်လို့လည်း သိရှိရပါတယ်။
“မှတ်ပုံတင်တဲ့အခါမှာ အသင်းအဖွဲ့အစည်းတွေရဲ့လုပ်ဆောင်ချက်ပေါ်မှာပဲ မူတည်ပါတယ်။ ဆရာတို့ဆိုရင် ကျန်မာရေးပိုင်းကို အဓိကထားလုပ်တာပေါ့။ကျန်းမာရေးပိုင်းကိုလုပ်တော့ ကျန်းမာရေး၀န်ကြီးဌာနမှာ ယူရပါတယ်။ နောက်တစ်ခါ ရှာဖွေကယ်ဆယ်ပေါ့၊ရှာဖွေကယ်ဆယ်ပိုင်းကတော့ လူကယ်ပြန်နဲ့
မီးသတ် ဦးစီးဌာနမှာ ယူရမှာဖြစ်ပါတယ်။ အဲ့ဒီဌာနတွေကနေ သင်တန်းတက်မြောက်ထားတာရှိ၊ မရှိ တကယ်တတ်မြောက်ထားမှ ထောက်ခံချက်ပေးတယ်ပေါ့”လို့ သူက ထပ်လောင်းပြောပြခဲ့ပါတယ်။
ဒါ့အပြင် လက်ရှိကာလမှာ အလှူရှင်ရှားပါးလာမှု၊အထွေထွေစရိတ်စကတွေ မြင့်တက်လာမှုတွေကြောင့် တချို့သော မြို့နယ်/ရပ်ကွက်အဆင့် လူမှုကူညီရေးအသင်းတွေဟာ ရပ်တည်ဖို့ခက်ခဲလာမှုတွေရှိနေတယ်လို့လည်း လူမှုကူညီရေးသမားတွေက ပြောပါတယ်။
Photo – စေတနာရှင် ပရဟိတအသင်း(ရန်ကုန်)