၇. ၁. ၂၀၂၃
Written by Ye Kyaw
စိုက်ပျိုးမှုနှင့် အထွက်နှုန်းလျော့ကျလာခြင်း၊ ရေလမ်းခရီးသယ်ယူပို့ဆောင်ရေး အခက်အခဲများကြောင့် ရန်ကုန်မြို့ ဝါးတန်းကုန်စည်ဒိုင်သို့ ဧရာဝတီတိုင်းမှ ဆန်များဝင်ရောက်မှု ထက်ဝက်ခန့်လျော့ကျလာကြောင်း ဝါးတန်းဆန်ကုန်စည်ဒိုင်မှ သိရသည်။
‘’အရင်က ဒီကို သင်္ဘောအရေအတွက် လေး၊ ငါးစီးလောက်တော့ ဝင်တယ်။ အခုဆို တစ်စီး နှစ်စီးလောက်ပဲဝင်တယ်။ အခုက ဆန်စက်ပိုင် စက်လှေလောက်ပဲရှိတော့တာ။ တချို့စက်လှေတွေကို ဖျက်ပစ်လိုက်တဲ့ အခြေအနေအထိရှိတယ်” ဟု ဧရာဝတီတိုင်းမှ ရန်ကုန်သို့ သင်္ဘောဖြင့် ဆန်တင်ပို့နေသူတစ်ဦးက ပြောသည်။
ထို့ပြင် စိုက်ပျိုးစရိတ်ကြီးမြင့်မှုကြောင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း စိုက်ပျိုးမှု အနည်းငယ်လျော့ကျမှုများရှိခဲ့သည့်အပြင် ထွက်ရှိလာသည့် ဆန်များကို ရန်ကုန်သို့ တင်ပို့ရာတွင် အချိန်အကန့်ဖြင့် သွားလာရခြင်း စစ်ဆေးမှုအခြေအများရှိခြင်းတို့ကြောင့် အကန့်အသတ်ဖြင့်သာ တင်ပို့နိုင်ကြောင်း သိရသည်။
“ဓာတ်မြေဩဇာဈေးက မနှစ်ကတောင် အဲဒီလောက်မတက်ဘူး။ ဒီနှစ်ဆို တစ်အိတ်ကို တစ်သိန်းကျော်တယ်။ သူများဆီက အတိုးနဲ့ ယူလုပ်ရတဲ့သူဆို မခံနိုင်ဘူးလေ။ အခုဆို အချိန်အကန့်အသတ်နဲ့ ည ၁၂ နာရီဆို သွားလိုမရတော့ဘူး။ နဂိုကဆို အကန့်အသတ်မရှိသွားလို့ရတယ်။ ဒီကနေထွက်မယ်ဆို ည ၁၂ မထိုးခင် ကိုယ့်ရဲ့ မြို့ကို ရောက်အောင်သွား မြို့မရောက်ဘဲ လမ်းမှာတင်ဆို စစ်လားဆေးလားဆို အဖြေကောင်းရင်တော်သေးတယ်” ဟု ၎င်းက ပြောသည်။
ယခုရက်ပိုင်းအတွင်း ဆန်အရောင်းအဝယ်အေးနေသဖြင့် ဘုရင်နောင်ဆန်ကုန်စည်ဒိုင်သို့ နယ်ဘက်မှ ဆန်ဝင်ရောက်မှုမှာ ယခင်ထက် ထက်ဝက်ခန့်အထိလျော့ကျနေကြောင်း ဘုရင်နောင်ဆန်ကုန်စည်ဒိုင်မှ သိရသည်။
“အရင်ရက်က ဆန်အိတ်ရေ ရှစ်သောင်းနဲ့ ကိုးသောင်းလောက်ဝင်ရင် အခုက ဆန်အိတ်ရေ သုံးသောင်းနဲ့လေးသောင်းလောက်ပဲ ဝင်တယ်” ဟု ဘုရင့်နောင်ဆန်ကုန်စည်ဒိုင် အတွင်းရေးမှူး ဦးသန်းဦးက MT News သို့ ဖြေဆိုထားသည်။
လက်ရှိတွင် ပြည်တွင်းစားသုံးသည့် ရွှေဘိုပေါ်ဆန်းတစ်အိတ် ကျပ် ၁၁၅,၀၀၀ ခန့်အထိရှိလာပြီး လက်လီစျေးကွက်တွင် ယခင်အတက်စျေးနှုန်းထက်ပင် တစ်ပြည်ကို ကျပ် ၃၀၀ စျေးတက်ရောင်းနေရကြောင်း ဆန်လက်လီရောင်းချသူများထံမှ သိရသည်။
ဇန်နဝါရီ ၆ ရက်တွင် ပြည်တွင်းစားသုံးသည့် ဆန်ချောများဖြစ်သည့် မြောင်းမြ/ပုသိမ်ပေါ်ဆန်း (ဟောင်း) တစ်အိတ်လျှင် ကျပ် ၆၅,၀၀၀ ခန့်၊ ပေါ်ဆန်းနယ်စုံ (ဟောင်း) တစ်အိတ်လျှင် ကျပ် ၆၂,၀၀၀ ခန့်၊ ဖျာပုံပေါ်ဆန်း (ဟောင်း) တစ်အိတ်လျှင် ကျပ် ၆၃,၀၀၀ ခန့်၊ ကြားပျံရှယ် (ဟောင်း) တစ်အိတ်လျှင် ကျပ် ၇၀,၀၀၀ ခန့်၊ ဆန်ကြမ်းများဖြစ်သည့် ဧည့်မထ (ဟောင်း) တစ်အိတ်လျှင် ကျပ် ၄၇,၀၀၀ ခန့်၊ မြီးဒုံး (ဟောင်း) တစ်အိတ်လျှင် ၅၂,၀၀၀ ကျော်၊ ရက် (၉၀)ဆန်(ဟောင်း) တစ်စ်အိတ်လျှင် ကျပ် ၅၂,၀၀၀ ကျော်ရှိကြောင်း ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း)မှ သိရသည်။