၂၉.၁၁.၂၀၂၄
Translated by Htwe Ko Tun
ထိုင်းနိုင်ငံ ပတ်သနီပြည်နယ်အတွင်း ဆိုးဝါးသော ရေလွှမ်းမိုးမှုတွေ နိုဝင်ဘာလ ၂၈ ရက်က စတင်ဖြစ်ပွားနေတာမှာ ဆေးရုံဝင်းခြံတွေအတွင်းမှာလည်း ရေကြီးမှုတွေဖြစ်နေတာကြောင့် ပြည်နယ်အတွင်း ဆေးရုံလေးရုံကို ခေတ္တပိတ်ထားရတယ်လို့ နိုဝင်ဘာလ ၂၉ ရက် သတင်းတွေက ဖော်ပြခဲ့ကြသလို လူနာတွေကိုလည်း ပြောင်းရွှေ့ကယ်ဆယ်မှုတွေ လုပ်ခဲ့ရပါတယ်။
မလေးရှားနိုင်ငံနဲ့ နယ်စပ်မှာရှိတဲ့ ပတ်သနီပြည်နယ်အတွင်း ရေလွှမ်းမိုးမှုတွေ နိုဝင်ဘာလ ၂၉ ရက်မှာ ဆက်လက်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။ ယာယီပိတ်ခဲ့ရတဲ့ ဆေးရုံလေးရုံက နောင်ချစ်၊ ရာယင်၊ သွန်ယန်ဒန်းနဲ့ မဲလန် ဆေးရုံတွေဖြစ်တယ်လို့ သတင်းတွေက ဆိုပါတယ်။
အာဏာပိုင်တွေက ဆေးရုံလေးရုံကို ယာယီပိတ်လိုက်တယ်လို့ နိုဝင်ဘာလ ၂၈ ရက် ညနေမှာ ကြေညာခဲ့ပါတယ်။ ဒီဆေးရုံတွေက ပြည်နယ်အတွင်း အဓိကမြစ်ကြီးနှစ်ခုဖြစ်တဲ့ ပတ်သနီမြစ်နဲ့ ဆိုင်ဘူရီမြစ်တို့တစ်လျှောက်မှာ တည်ရှိတဲ့ ဆေးရုံတွေလို့လည်း သိရပါတယ်။
ပတ်သနီပြည်နယ် ပြည်သူ့ကျန်းမာရေးရုံး အကြီးအကဲဖြစ်တဲ့ ဒေါက်တာ အနျူရတ် ဆာရာပတ်ဘ်က ရေကြီးမှု ဆိုးဝါးလာ၍ ဆေးရုံများကို ခေတ္တပိတ်ရခြင်းဖြစ်ကာ လူနာတွေကို ယာယီဆေးရုံတွေကို ရွှေ့ထားတယ်လို့ ပြောခဲ့ပါတယ်။ ဆရာဝန်၊ လူနာနဲ့ ကျန်းမာရေးဆိုင်ရာပုဂ္ဂိုလ်တွေကို ကယ်ဆယ်ရွှေ့ပြောင်းထားတဲ့ လူနာတွေကို စစ်ဆေးကုသဖို့ စေလွှတ်နေတယ်လို့လည်း သူက ပြောခဲ့ပါတယ်။
ပတ်သနီပြည်နယ်အတွင်း မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းနေပြီး နိုဝင်ဘာလ ၂၈ ရက် ညမှာတော့ မြင့်မားတဲ့ ပင်လယ်ဒီရေလှိုင်းများတက်လာတာကြောင့် ရေလွှမ်းမိုးမှု ပိုမိုဆိုးဝါးခဲ့ပါတယ်။ အထူးသဖြင့် ပြည်နယ်ရဲ့ အဓိကမြစ်ကြီးနှစ်ခုနဲ့ နီးတဲ့ကမ်းပါးဒေသတွေမှာ ဆိုးဝါးတဲ့ ရေလွှမ်းမိုးမှု ဖြစ်လာခဲ့ပါတယ်။
ပြည်နယ်အတွင်း ခရိုင်ခုနှစ်ခုမှာ ရေလွှမ်းမိုးမှု ဆိုးဝါးနေလို့ အနီးကပ်စောင့်ကြည့်နေကြရပြီး စီးပွားရေးဇုန်ဖြစ်တဲ့ မောင်း ဒေသမှာဆိုရင် နိုဝင်ဘာလ ၂၉ ရက်မှာ ယမန်နေ့ထက် ရေအမြင့် ၁၀ စင်တီမီတာထပ်တက်လာပြီး ဈေးဆိုင်တွေအများအပြား ပိတ်ကုန်ကြကာ ရေကြီးမှုက နောက်ထပ်သုံးရက်လောက်ဆိုးဝါးနေနိုင်တယ်လို့ သိရပါတယ်။
အိမ်နီးချင်းမလေးရှားနိုင်ငံရဲ့ အစိုးရက သူ့နိုင်ငံသားတွေကို ထိုင်းနိုင်ငံတောင်ပိုင်းသို့ သွားရောက်လည် ပတ်တဲ့ခရီးစဉ်တွေ ရွှေ့ဆိုင်းကြဖို့ တိုက်တွန်းထားပါတယ်။
Ref- Bangkok Post