၂၉.၁၁.၂၀၂၄
Written By Thandar
ဟာသ ဒရာမာဇာတ်လမ်းပုံစံ “Drama Queens”ရုပ်သံဇာတ်လမ်းတွဲ ကန်တော့ပွဲပေးမှုကို ယနေ့ နိုဝင်ဘာ ၂၉ ရက် နံနက် ၈ နာရီက အလုံမြို့နယ်ရှိ အိမ်တော်ရာဘုရားမှာ ကျင်းပခဲ့ပါတယ်။
“ဇင်ကိုယ်တိုင်က စာရွက်တစ်ရွက်လေးနဲ့ စတင်ခဲ့ရင်း လူငယ်တွေကို အလုပ်ပေးချင်တယ်။ ဒီဇာတ်ကို ဖတ်ရင်းနဲ့ စီနီယာ ဂျူနီယာတွေကိုလည်း မျှချင်တယ်။ လူငယ်တွေအတွက်လည်း အကျိုးရှိရမယ့် ပရိသတ်ကို အဆိပ်အတောက်ဖြစ်စေတဲ့ ဇာတ်လည်းမဖြစ်ရဘူး။ ကောင်းတဲ့ ရသတွေကို ပေးချင်တယ်။ Entertain လည်း ဖြစ်ရမယ်၊ လူတွေမွန်းကြပ်မှုတွေကိုလည်း ပြေပျောက်သွားစေချင်တယ်။ ဒီကားကို ကြည့်လိုက်တာနဲ့ထိုက်တန်တဲ့ ရသပြန်ရရမယ်ဆိုတဲ့ စိတ်နဲ့ ဇင် ဒီကားကို ချရေးပြီး ကာရိုက်တာ ၁၅ ယောက်နဲ့ စတင်မွေးဖွားပြီး ဒီကားဖြစ်လာတာပါ။ ကိုယ်နဲ့ တိုက်ဆိုင်မှုတွေတော့ မပါသေးဘူး။ ဒီကားမှာ အသားစားနွားမလေးတွေ နွားမကြီးတွေလည်း ပါပါတယ်။ ဇင်က ဒီဇာတ်ကို ၁၀ လနီးပါးအကောင်းဆုံး ပုံဖော်ရေးသားထားတာပါ ”လို့ စီစဉ်သူ သရုပ်ဆောင် ခင်သဇင်က ပြောပါတယ်။
ရွှေနဒီရွှေရည် ရုပ်ရှင်ထုတ်လုပ်ရေးက ဇာတ်လမ်း ခင်သဇင်၊ ဇာတ်ညွှန်းပိုင်းကိုတော့ ဖြိုးသဉ္ဇာကျော်နဲ့ ခင်သဇင်တို့က ရေးသားထားပြီးတော့ ဒါရိုက်တာ မေဘရဏီ၊ လက်ထောက်ဒါရိုက်တာ ဂဠုန်တို့က အပိုင်း ၂၀ ကို ရန်ကုန်၊ ပုဂံအပြင် နယ်မြို့နယ်တချို့မှာလည်း ရိုက်ကူးပုံဖော်မှာလည်းဖြစ်ပါတယ်။
သရုပ်ဆောင်တွေ စိုင်းစည်တွမ်ခမ်း၊ Henry၊ ဆက်ဂိုဟန်၊ မေမီကိုကို၊ ခင်သဇင်၊ ဝေယံမျိုးသန့်၊ စိုင်းဘုန်းမင်းသန့်၊ ပိုင်ခန့် စတဲ့ အနုပညာရှင်တွေ ပါဝင်ကြမှာလည်း ဖြစ်ပါတယ်။
“မခင်သဇင် ကိုယ်တိုင်ရေးထားတဲ့ ဇာတ်ကိုလာပြချိန်မှာ ကိုယ်တိုင်လည်း သဘောကျတယ်။ ဒီဇာတ်ကားက ဒရာမာတွေရော ပျော်စရာလေးတွေလည်းပါပါတယ်။ International ဆန်ဆန်ပုံဖော်ထားတယ်လို့လည်း ပြောလို့ရပါတယ်။ မင်းသားတွေကလည်း သူတို့ရဲ့ Talent တွေကို သေချာချပြခွင့်ရမယ့် ဇာတ်လို့လည်း ပြောလို့ရပါတယ်။ ကျွန်မအနေနဲ့တော့ ဒီဇာတ်လမ်းတွဲအတွက် စိတ်ရော လူရောနှစ်ပြီး အားထည့်ကြိုးစားပေးထားတဲ့ Actor တွေပါပါတယ်။ သေချာပြင်ဆင်မှုတွေ အကြိမ်ကြိမ်လုပ်ပြီးမှ ရိုက်မယ့်ဇာတ်လို့လည်း ပြောလို့ရပါတယ်” လို့ ဒါရိုက်တာ မေဘရဏီက ပြောပါတယ်။