၂၉.၁၁. ၂၀၂၄
Written by Nay Moe
CDM အမျိုးသမီးတစ်ဦး၏ပုံကို အကြိမ်ကြိမ် ခြိမ်းခြောက်တောင်းခံပြီး လိင်စိတ်ဖြေဖျောက်သည့် လူငယ်များသမဂ္ဂ၏ ဗဟိုအလုပ်အမှူဆောင် စောရဝေ ဆိုသူကို တော်လှန်ရေးအမည်းစက်အဖြစ် သတ်မှတ်ထုတ်ပယ်လိုက်သည်ဟု လူငယ်များသမဂ္ဂ (Youths Union) က သတင်းထုတ်ပြန်ထားသည်။
လူငယ်များသမဂ္ဂသည် အမျိုးသမီးများ၏ အခွင့်အရေးကို လေးစားစွာဖြင့် ကာကွယ်ခဲ့ခြင်းများ၊ အမျိုးသမီးများ၏ အခွင့်အရေးဆုံးရှုံး နစ်နာမှုများနှင့် အမျိုးသမီးများ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှု၊ ထိပါးနှောက်ယှက်ခံရမှု၊ အမြတ်ထုတ်ခံရမှု စသည့် အခွင့်အရေး ချိုးဖောက်ခံရမှုတို့တွင်လည်း ပြင်းပြင်းထန်ထန်ရှုတ်ချကာ အမျိုးသမီးများအတွက် အပြည့်အဝ ရပ်တည်ခဲ့သည်။ ယခုအခါ ကိုစောရဝေသည် မိမိအဖွဲ့အစည်း၏ ရပ်တည်ချက်တို့ကို မျက်ကွယ်ပြု၍ လည်းကောင်း၊ အမျိုးသမီးများ၏ အခွင့်အရေးကို လေးစားခြင်းကင်းမဲ့စွာဖြင့် လည်းကောင်း၊ မိမိကိုယ်တိုင် တော်လှန်သူတစ်ဦးအဖြစ် ရပ်တည်သော်လည်း တော်လှန်ရေးအား အမည်းစက်တစ်ခုအဖြစ် ထင်ကျန်စေမည့် အမျိုးသမီးလူငယ်များအပေါ်တွင် ဆိုရှယ်မီဒီယာများမှတစ်ဆင့် မိမိ၏လိင်စိတ်အာသာဆန္ဒ ပြေပျောက်စေရန်အတွက် ရည်ရွယ်ကာ နစ်နာသူ အမျိုးသမီး လူငယ်များ၏ သဘောတူညီမှုမရှိဘဲ အကြိမ်ကြိမ် အရှက်ဂုဏ်သိက္ခာ ထိပါးစေမည့်စကားလုံးများ ပါဝင်သော စာသားများ ပေးပို့ခြင်း၊ အမျိုးသမီးတစ်ဦးအနေဖြင့် သဘောတူညီမှု မပါဝင်ဘဲ ပေးပို့ရန်မသင့်သော ဓာတ်ပုံများကို အတင်းတောင်းဆိုခြင်း စသည့်အပြုအမူများကို အကြိမ်ကြိမ် ပြစ်မှားကျူးလွန်ခဲ့သည်ဟု လူငယ်များသမဂ္ဂသို့ တိုင်ကြားခြင်းရှိသောကြောင့် လူငယ်များသမဂ္ဂ စည်းကမ်းထိန်းသိမ်းရေးနှင့် ပြစ်ဒဏ်စီရင်ရေးကော်မတီကို ခေါ်ယူကာ စောရဝေအား စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ကြသည်။
စစ်ဆေးမေးမြန်းမှုများအရ နစ်နာသူအမျိုးသမီးအား စောရဝေမှ CDM ကျောင်းဆရာမလေးပုံများဟု ဆိုရှယ်မီဒီယာပေါ်တွင် ဖြန့်ဝေမည်ဆိုကာ သဘောတူညီမှုမရှိပါဘဲ အတင်းအဓမ္မရယူခြင်း အကြိမ်ကြိမ်ရှိခဲ့သည်ဟု နစ်နာသူအမျိုးသမီးထံမှ ကြားသိရသည်။ သို့သော် သက်သေတိတိကျကျ မရရှိ၍ ကိုစောရဝေအား မေးမြန်းစစ်ဆေးရာတွင် တိကျခိုင်မာသော ဖြေရှင်းမှုနှင့် သက်သေများကို ပေးနိုင်ခြင်းမရှိသည့်အပြင်၊ စစ်ဆေးနေချိန်အတွင်း၌ပင် စောရဝေနှင့် နစ်နာသူ အမျိုးသမီးတို့ ပြောဆိုထားသော မှတ်တမ်းပုံတစ်ခုကို ရရှိသောကြောင့် လေ့လာရာတွင် ကိုစောရဝေမှ နစ်နာသူအမျိုးသမီးအား ပုံဖြန့်မည်ဟု ပြောဆိုခဲ့ကြောင်း ဝန်ခံထားခြင်း ရှိခဲ့သည်ကို တွေ့ရသည်။ ထို့ကြောင့် စောရဝေသည် CDM ပြုလုပ်ထားသူ နစ်နာသူအမျိုးသမီးအား ခြိမ်းခြောက်ကာ လိင်စိတ်အာသာဖြေဖျောက်ခြင်းသည် တော်လှန်ရေး ရဲဘော်ရဲဘက်စိတ်မရှိစွာ တော်လှန်ရေးဖောက်ပြန်သူတစ်ဦးအသွင်ဖြင့် လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်ခြင်း ( Sexual Harassment ) ကျူးလွန်သူတစ်ဦး ဖြစ်သည်ဟု ဆုံးဖြတ်ချက် ချမှတ်လိုက်သည်။
ထို့ကြောင့် စောရဝေအား တော်လှန်ရေး အမည်းစက်အဖြစ် တရားဝင်ကြေညာလိုက်ပြီး လူငယ်များသမဂ္ဂမှ ရာသက်ပန် ထုတ်ပယ်လိုက်ကြောင်း၊ စောရဝေ၏ အပြုအမူသည် တော်လှန်ရေးကို ခုတုံးလုပ်သူတို့၏ လမ်းစဉ်အစ ပထမဖြစ် ကြောင်း၊ စောရဝေ၏ ယခုကဲ့သို့ စဉ်းစားဉာဏ်မရှိ ပြုမူကျူးလွန်မှုအား မိမိတို့အနေနှင့် ပြင်းပြင်းထန်ထန် ရှုတ်ချ အပြစ် တင်ကြောင်း၊ မိမိတို့အနေနှင့် နစ်နာသူအမျိုးသမီး၏ နစ်နာမှုနှင့်ညီမျှသော လူမှုရေးပြစ်ဒဏ်ကို ထိထိရောက်ရောက် ကျယ်ကျယ်ပြန့် ပြန့် လုပ်နိုင်စွမ်းရှိသမျှ ပြစ်ဒဏ်ပေးသွားမည်ဖြစ်ကြောင်းနှင့် စောရဝေအား တော်လှန်ရေး နာမည်ပျက်စာရင်းသွင်းလိုက်ကြောင်း လူငယ်များသမဂ္ဂက ထုတ်ပြန်ထားသည်။