၂၉.၁၁. ၂၀၂၄
Translated by Htwe Ko Tun
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ရာမ-၂ လမ်းပေါ်မှာရှိတဲ့ မိုးပျံဝန်ချီစက်ကြီးတစ်ခုဟာ ကွန်ကရစ်ရက်မ အစိတ်အပိုင်းကြီးတစ်ခုကို သယ်ဆောင်နေစဉ်မှာပဲ ဝန်ချီစက်စင်ကြီးက ရာမ-၂ လမ်းမကြီးအပေါ် နိုဝင်ဘာလ ၂၉ ရက် နံနက်က ပြိုလဲကျခဲ့တာကြောင့် လူလေးဦးသေဆုံးပြီး ဆယ်ဦးဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
အခုလို မိုးပျံဝန်ချီစက်ကြီးပြိုလဲမှုက ရာမ-၂ လမ်းရဲ့ မြို့ပြင်သို့ ဦးတည်တဲ့ လမ်းအပိုင်းပေါ်ရှိ Ekkachai ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ နံနက် ၄ နာရီ ၁၃ မိနစ်က ဖြစ်ပွားခဲ့တာလို့လည်း သိရပါတယ်။ ရှေးဦးသတင်းတွေကတော့ ဆောက်လုပ်ရေးလုပ်သားလေးဦးသေဆုံးခဲ့ရပြီး အခြားဆယ်ဦးဒဏ်ရာတွေရခဲ့တယ်လို့ ဖော်ပြခဲ့ကြပါတယ်။
ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ အလုပ်ကြပ်တစ်ဦးကလည်း မိုးပျံဝန်ချီစက်ကြီးပြိုလဲမှုမှာ လမ်းရဲ့ကွန်ကရစ်အပိုင်းတွေကလည်း ပြိုကျလာတာကြောင့် အလုပ်သမားအတော်များများ လဲကျကုန်တယ်လို့ ပြောခဲ့ပါတယ်။ လုပ်ငန်းခွင်ကနေ အလုပ် သမား ၂၅ ဦးကို ကယ်ဆယ်လိုက်နိုင်တယ်လို့လည်း သိရပါတယ်။
ဆာမွတ်ဆာခွန်ပြည်နယ် အုပ်ချုပ်ရေးမှူး နာရစ် နီရာမေဝန် က ဆိုင်ကယ်စီးနင်းသူတွေကို နယ်မြေအတွင်းမှာ ယာဉ်အသွားအလာအထူးကျပ်တောက်နေလို့ လမ်းကြောင်းကွေ့ရှောင်ပြီး သွားလာကြဖို့ တိုက်တွန်းထားပါတယ်။ ဝန်ချီစက်ပြိုကျတဲ့နေရာမှာ ရှင်းလင်းမှုတွေ အမြန်ဆောင်ရွက်နေတယ်လို့လည်း သူက ပြောခဲ့ပါတယ်။ ဖြစ်ပွားရာနေရာကို ရှင်းလင်းဖို့ ရွေ့လျားဝန်ချီစက်သုံးစင်းကိုလည်း စေလွှတ်ခဲ့ပါတယ်။
ရာမ-၂ လမ်းမကြီးက ဘန်ကောက်မြို့နဲ့ နိုင်ငံတောင်ပိုင်းကိုဆက်သွယ်ထားတဲ့ အဓိက လမ်းမကြီးဖြစ်ပါတယ်။
Ref- Bangkok Post