◾ မြို့ခံများက AA ကို အလိုမရှိကြောင်း ပြောဆိုနေကြ
၂၉.၁၁.၂၀၂၄
Written By Zun
တောင်ကုတ်မြို့တွင် AA အဖွဲ့က နေအိမ်များကိုဖောက် ထွင်း၍ ပစ္စည်းများခိုးကာ Tipper Truck ကားဖြင့် သယ်ယူပြီး မော်တော်ဘုတ်များဖြင့် ဒေသပြောင်းရွှေ့မှုများ လုပ်ဆောင်နေကြသောကြောင့် ဒေသခံများက AA ကို အလိုမရှိဟု ပြောဆိုနေကြသည်။
MT News အနေဖြင့် ပြီးခဲ့သည့် နိုဝင်ဘာလ ၂၃ ရက်မှ နိုဝင်ဘာလ ၂၇ ရက်အထိ လက်လှမ်းမီရာ တောင်ကုတ်မြို့ခံ ၅၀ ကျော်နှစ် စစ်ရှောင်အချို့ ကိုယ်တိုင်တွေ့ဆုံခြင်း၊ တယ်လီဖုန်းဖြင့်ဆက်သွယ်ခြင်းတို့ ပြုလုပ်ကာ မေးမြန်းချက်များအရ ယင်းတို့အားလုံးက AA အဖွဲ့ကို စိတ်နာသည့်စကားများပြောဆို၍ လုပ်ပိုင်ခွင့် ရှိပါက ဆန္ဒဖော်ထုတ်လိုကြောင်းလည်း ဖွင့်ဟလာကြသည်။
“တောင်ကုတ်မှာ AA က တစ်အိမ်တက်ဆင်း Tipper ကားတွေနဲ့ လည်ပြီး ခိုးနေတာလို့ ကျွန်တော်တို့ကို ဖုန်း ဆက်ပြီး သတင်းပို့တယ်။ ပစ္စည်းတွေကို ကားတွေနဲ့တင်ပြီးတော့ ကားဂိတ်တစ်နေရာမှာ ခိုးရာပါပစ္စည်းတွေကို သယ်ဖို့ စုရပ်အနေနဲ့ ခိုးတဲ့ ပစ္စည်းတွေကို တစ်နေရာမှာ စုတဲ့သဘောပေါ့။ အဲဒီကနေ မော်တော်ဘုတ်တွေနဲ့ ဘယ်ကိုသယ်တာလဲတော့မသိဘူးပေါ့။ သယ်ကြတယ်တဲ့။ တောင်ကုတ်က ပိုက်ဆံရှိတဲ့ အိမ်တွေကို တံခါးတွေကို ရိုက်ချိုးဝင်ပြီး ပစ္စည်းတွေကို သယ်တာ။ အိမ်တွေ အားလုံးဟောင်း လောင်း၊ ဘာပစ္စည်းမှ မရှိကြတော့ဘူး။ မြို့ပေါ် မှာ ညောင်ပင်ကြီးအဝိုင်းနားက သူဌေးအိမ်တွေ၊ ဖုန်းဆိုင်တွေ၊သူဌေးဦးထွန်းလှိုင်တို့အိမ်တွေ အားလုံးကိုဖောက်ပြီး ပစ္စည်းတွေကို ကားနဲ့တိုက်တာ။ မြို့ပေါ်မှာ စစ်တပ်မရှိဘူး။တပ်က မြို့အထွက်မှာ။ မြို့ထဲမှာက သူတို့ (AA)ပဲရှိတာ လေ။ သူတို့မခိုးရင် ဘယ်သူခိုးဖို့လဲ” ဟု တောင်ကုတ်မြို့ခံတစ်ဦးက MT News ကို ပြောသည်။
လက်ရှိတွင် AA အဖွဲ့က တောင်ကုတ်မြို့ပေါ်တွင် ဝင်ရောက်နေရာယူထားသော်လည်း တောင်ကုတ် စကခ (၅) လက်အောက်ရှိ ခြေမြန်တပ်ရင်း ခမရ (၃၄၆) နှင့် ခမရ (၅၄၄) တပ်ရင်း တပ်ရင်းနှစ်ခုလုံးကို မသိမ်းနိုင်သေး ကြောင်း၊ တိုက်ပွဲများဆက်လက် ဖြစ်ပွားနေကြောင်းလည်း မြို့ခံများက MT News ကို အတည်ပြု ပြောဆိုသည်။
“AA က မြို့ပေါ်မှာ ရောက်နေတာ မှန်တယ်။ ရောက်လို့လည်း သူတို့တွေဟာ အိမ်တွေကို ဖောက်ထွင်းခိုးယူတာ တွေ လုပ်နေတာပေါ့။ဒါပေမဲ့လည်း တပ်ရင်း နှစ်ခုကို သိမ်းတယ်ဆိုတာမဟုတ်ဘူး၊ တော်ရုံနဲ့ ရနိုင်မယ် မထင်ဘူး။ မြို့ပေါ်မှာ ရောက်နေတဲ့ AA တွေက စစ်တပ်အနားကို မကပ်နိုင်သေး။ ဝိုင်းထားတာတော့ ဟုတ်တယ်။ သူတို့ (AA) က အိမ်ပေါ်ကို တံခါးရိုက်ချိုးပြီးတော့ ဖွင့်တက်တယ်။ ပြီးတော့ အိမ်မှာ ကျန်နေခဲ့တဲ့ ငါးခြောက်တွေကို အမြည်းလုပ်ပြီး အရက်ဝိုင်းဖွဲ့ပြီးလုပ်ခဲ့တယ်။ အိပ်ယာတွေမှာ တက်အိပ်ပြီးနေတယ်။ ပြီးတော့ အိမ်ပေါ်မှာ ကျန်ခဲ့တာတွေ ကိုလည်း ဆန်တွေ အိမ်သုံးကုန်တွေ ယူသွားတယ်။ ပြီးတော့ ဆေးလိပ်(စီးကရက်တွေ၊ ဖက်ကြမ်းတွေ လက်ကား ဒိုင် လုပ်တဲ့အိမ်ကိုဖောက်တာ၊ အားလုံးယူတာ။ ရခိုင်အချင်း ချင်းလို့ ပြောရမှာတောင် ရှက်ဖို့ ကောင်းတယ်။ တောင် ကုတ်တစ်မြို့လုံး AA ကို မေတ္တာပို့နေကြတယ်။ ဒါကြောင့် ကျွန်မတို့ကလေ AA ကို ကန့်ကွက်တဲ့ အကြောင်းပြော ချင်တယ်။ လူသိရှင်ကြား ဆန္ဒဖော်ထုတ်တာမျိုးလုပ်ချင်တာ။ AA ကို မကြိုက်လို့ ဆန္ဒပြရင် PDF က ကျွန်မတို့ကို သေနတ်နဲ့ပစ်မလားလို့လည်း ကြောက်မိတယ်”ဟု တောင်ကုတ်မြို့ခံတစ်ဦးက MT News က တစ်ဆင့် ဖွင့်ဟပြောပြခဲ့သည်။
မြို့သိမ်းတိုက်ပွဲများအတွင်း AA လက်နက်ကိုင်အဖွဲ့ဝင်များက ပြည်သူ့နေအိမ်ဖောက်ထွင်း၍ ခိုးယူမှုများ ပြုလုပ်ကြသည်မှာ မှန်ကန်ကြောင်းလည်း AA က စက်တင်ဘာ ၁၃ ရက်တွင် ဝန်ခံချက်ထုတ်ပြန်ထားသည်။
၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ တောင်ကုတ်မြို့၏ လူဦးရေမှာ တစ်သိန်းတစ်သောင်းကျော် ရှိခဲ့သော်လည်း ယခု ၁၀ စု နှစ် တစ်စုကြာပြီးနောက်ပိုင်း လူဦးရေ တိုးတက်နှုန်းအရ ဆိုပါက နှစ်သိန်းခန့် ရှိနိုင်ကြောင်း မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက MT News ကို ပြောသည်။
တပ်မတော်သတင်းရင်းမြစ်များအရ ယမန်နေ့ နိုဝင်ဘာလ ၂၈ ရက်တွင် တောင်ကုတ် စကခ ၅ မြောက်ဘက်ရှိ ကာကင်းကို AA သောင်းကျန်းသူများလာရောက်တိုက်ခိုက်ခဲ့သောကြောင့် လုံခြုံရေးအဖွဲဝင်များမှ လေကြောင်း လက်နက်ကြီးပစ်ကူများရယူ၍ ပြန်လည်တိုက်ခိုက်ချေမှုန်းခဲ့ကြောင်း သိရသည်။
ယင်းနောက် နေ့လယ် ၁၂ နာရီခွဲခန့်တွင် သောင်းကျန်းသူများပြန်လည်ဆုတ်ခွာထွက်ပြေးသွားကာ မွန်းလွဲ ၁ နာရီခွဲအချိန်ခန့်က စကခ ၅ မွေးမြူရေးခြံရှိ လုံခြုံရေးအဖွဲ့အား လာရောက်တိုက်ခိုက်ခဲ့သောကြောင့် ပြန်လည် ချေမှုန်းတိုက်ခိုက်ခဲ့ရာ AA အဖွဲ့များ ပြန်လည်ဆုတ်ခွာထွက်ပြေးသွားကြောင်း၊ အလားတူ ခမရ(၃၄၆) တပ်အရှေ့ တောင်ဘက် ဖုံညိုတံတားအနီး လုံခြုံရေးဆောင်ရွက်နေသည့် တပ်စစ်ကြောင်းများအား AA သောင်းကျန်းသူများ လာရောက်တိုက်ခိုက်ခဲ့သောကြောင့် ၎င်းတို့ကို လက်နက်ကြီး၊Drone ပစ်ကူများရယူ၍ ပြန်လည်တိုက်ခိုက်ခဲ့ရာ ညနေ ၅ နာရီအချိန်ခန့်တွင် တပ်မတော်ဘက်က ရင်ဆိုင်ထိန်းချုပ်ဟန့်တားနိုင်ခဲ့ကြောင်း သိရသည်။