ဖြိုးဝေ
၂၈. ၁၁. ၂၀၂၄
တိုင်းရင်းသားဒေသတွေမှာ အကြမ်းဖက်သမားတွေနဲ့ လက်နက်ကိုင်သောင်းကျန်းသူတွေရဲ့ လုပ်ဆောင်မှုတွေကြောင့် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ ဒေသဖွံဖြိုးတိုးတက်ရေးတို့ကို ထိခိုက်စေလျက် ရှိတဲ့အပြင် ကျောင်းသား၊ ကျောင်းသူတွေရဲ့ ပညာသင်ကြားမှုအခွင့်အလမ်းတွေနဲ့ ဒေသခံပြည်သူတွေရဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ဆုံးရှုံးရလို့ လူမှုစီးပွားဘဝတွေ ထိခိုက်နစ်နာနေတယ်လို့ SAC ဥက္ကဋ္ဌက (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားကို ပေးပို့တဲ့သဝဏ်လွှာမှာ ဖော်ပြလာတဲ့ ဒီ ရက်သတ္တပတ်မှာပဲ ဖိလစ်ပိုင်နိုင်ငံမှာကျင်းပပြုလုပ်တဲ့ (၂၅)ကြိမ်မြောက် အာဆီယံကြည်းတပ်ဦးစီးချုပ်များ အစည်းအဝေး (25th ASEAN Chiefs of Army Multilateral Meeting – 25th ACAMM) ကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ကိုယ်စား ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး တက်ရောက်မှုဖြစ်စဉ်နဲ့ မြန်မာနိုင်ငံဟာ အာဆီယံနဲ့ မိတ်ဖက်နိုင်ငံတွေ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်ဖို့ ဖွဲ့စည်းထားတဲ့ ADMM-Plus အဖွဲ့ဆီ အဖွဲဝင်နိုင်ငံအသစ်တွေ ပူးပေါင်းပါဝင်မှုကို ကန့်ကွက်ခဲ့တယ်လို့ စင်ကာပူကာကွယ်ရေးဝန်ကြီးက ထုတ်ဖော်ပြောကြားမှုတွေ တွေ့မြင်ရပါတယ်။
အခြားတစ်ဖက်မှာလည်း မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးမှုအများဆုံး ကမ္ဘာ့နိုင်ငံများစာရင်းမှာ မြန်မာ နိုင်ငံက ထိပ်ဆုံးကရပ်တည်လိုက်တဲ့ဖြစ်စဉ်တွေ၊ ရာသီဥတုပြောင်းလဲမှုပြဿနာတွေနဲ့ တိုက်ပွဲတွေကြောင့် မြန်မာနိုင်ငံမှာ နေရပ်စွန့်ခွာနေသူအားလုံးရဲ့ ၄၀ ရာခိုင်နှုန်းက ကလေးငယ်တွေလို့ ကုလသမဂ္ဂ ကလေးငယ်များရန်ပုံငွေအဖွဲ့( UNICEF) က ထုတ်ဖော်ပြောလာတာတွေ၊ ထိုင်းနိုင်ငံမှာ လက်နက်ကိုင် ဂိုဏ်းဖွဲ့သောင်းကျန်းနေတဲ့ PDF ဆက်နွှယ် မြန်မာနိုင်ငံသားလူငယ်အဖွဲ့ကို အမြန်ဖမ်းဆီးဖို့ ထိုင်းရဲချုပ် အမိန့်ထုတ်လိုက်တာတွေအပြင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရင်သွေးနှစ်ဦးဖြစ်ပေမဲ့ အနှစ် ၂၀ ကျော် အမွေလုနေကြတဲ့ ဦးအောင်ဆန်းဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ မပြီးဆုံးသေးတဲ့ တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ် (၅၄) အမွေလုပွဲမှာ လေလံကြမ်းခင်းဈေး ကျပ်ဘီလျံ ၃၀၀ ကနေ ၂၉၀ ဆီ လျှော့ချဖို့ တင်ပြထားတဲ့အပေါ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့က ပလပ် ပေးဖို့ ကန့်ကွက်လွှာတင်လိုက်တဲ့ဖြစ်စဉ်တွေ ရှိပေမဲ့လည်း ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်အဖြစ်တော့ နယ်မြေပိုင်ဆိုင်မှုအငြင်းပွားတဲ့ “၀” နဲ့ ထိုင်းရဲ့ စစ်ရေးတင်းမာမှုအကြောင်း၊ ငြိမ်းချမ်းရေးလေသံမပါတဲ့ TNLA ရဲ့ စစ်ရေးပဋိပက္ခအပြီးသတ်လိုမှု ထုတ်ပြန်စာအကြောင်း၊ ကမ္ဘာမှာ တန်းမဝင်တဲ့ NUG ရဲ့ အတုအယောင်ပညာရေးအကြောင်းနဲ့ ၂၀၃၀ အထိ ပြင်ဆင်ဖို့ နှိုးဆွလာတဲ့ တော်လှန်ရေးအကြောင်းတွေကို သုံးသပ်တင်ပြချင်ပါတယ်။
◾ နယ်မြေပိုင်ဆိုင်မှုအငြင်းပွားတဲ့ “၀” နဲ့ ထိုင်း
မြန်မာနိုင်ငံဘက်က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ “၀” တိုင်းဟာ ထိုင်းနိုင်ငံက ချင်းမိုင်နဲ့ မယ်ဟောင်ဆောင်နယ်စပ်ဒေသတွေနဲ့ ထိစပ်နေသလို နယ်မြေပိုင်ဆိုင်မှု အငြင်း ပွားတာတွေကလည်း ဆယ်စုနှစ်ကျော်ဖြစ်ပွားနေတာပါ။ ဒီလိုဖြစ်ပွားနေတဲ့ နယ်မြေထဲမှာ “၀” ဘက်က ထိုင်းနယ်မြေထဲကို နယ်မြေကျူးကျော်ထားတယ်လို့ စွပ်စွဲထားတဲ့ တပ်စခန်း ၉ ခုကို လာမယ့် ဒီဇင်ဘာ ၁၈ ရက် နောက်ဆုံးထား ထွက်ခွာဖို့ ထိုင်းစစ်တပ်ဘက်က သတိပေးခဲ့သလို “၀” ဘက်ကလည်း ဒီတပ်စခန်းနေရာ ၉ ခုဟာ “၀” နယ်မြေပိုင်ဆိုင်ရာဖြစ်ပြီး အချုပ်အခြာ အာဏာကို ကာကွယ်တာလို့ ပြောခဲ့တဲ့အကြောင်း၊ နှစ်ဖက် စစ်ပြင်နေကြကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြခဲ့ပေမဲ့ လက်ရှိမှာတော့ “၀” ပြောရေးဆိုခွင့်ရှိသူ ဦးညီရန်းနဲ့ ထိုင်းစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး Rungkhun Mahapanyawong က ဒီကိစ္စဟာ နိုင်ငံတော်အဆင့် အစိုးရချင်းဖြေရှင်းရမှာဖြစ်ပြီး ဒေသမှာ အေးချမ်းတယ်၊ နှစ်ဖက် စစ်ပြင်နေတာ မရှိဘူးဆိုတာကို ထုတ်ပြောလာကြတာ တွေ့ရပါတယ်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၅ ခုနဲ့ တိုင်းတစ်ခုရှိပြီး “၀” ကတော့ ရှမ်းပြည်နယ်က ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ မက်မန်းနဲ့ ပန်ဆန်း(ပန်ခမ်း) ခြောက်မြို့နယ်ကို ခရိုင်နှစ်ခုခွဲပြီး အုပ်ချုပ်ခွင့်ရထားတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတစ်ခုပါ။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတစ်ခုဖြစ်သလို ဗဟိုအစိုးရအာဏာစက်ကို ကျော်လွန်လုပ်ဆောင်ခွင့်မရှိတဲ့ အခြေအနေတွေကိုလည်း ကျော်လွန် လုပ်လို့မရတဲ့ အထဲမှာ အခုလို နှစ်နိုင်ငံနယ်မြေပိုင်ဆိုင်မှု အငြင်းပွားတာက နှစ်နိုင်ငံအစိုးရတွေသာ ဖြေရှင်းရမှာပါ။ လက်ရှိမှာလည်း “၀”နဲ့ထိုင်း ထိစပ်နေတဲ့ ဒေသတွေက တရားဝင်နယ်မြေပိုင်းခြားဖို့ လိုအပ်နေသေးတာဖြစ်လို့ ဒီ နယ်မြေပိုင်းခြားမှုတွေဟာ အစိုးရချင်းပဲ ဖြေရှင်းရမှာလည်း မှန်ကန်ပြီး “၀” လို တိုင်းအဆင့်နဲ့ ဖြေရှင်းခွင့်ရှိတဲ့ အခြေအနေမဟုတ်ပါဘူး။ အခုဆိုရင် “၀”လိုပဲ တာချီလိတ်မှာလည်း နှစ်နိုင်ငံစလုံးက ဒေသခံပြည်သူတွေ အပြန်အလှန်ကျုးကျော်ထားတာတွေ ဖျက်သိမ်းဖို့ လုပ်နေတာမျိုးလည်း မြင်ရပါတယ်။ သေချာတာကတော့ နှစ်နိုင်ငံအစိုးရချင်း ဆွေးနွေးမပြီးသရွေ့၊ နှစ်နိုင်ငံအစိုးရ ပိုင်နက်နယ်မြေပိုင်းခြားမပြီးသေးသရွေ့ “၀” အနေနဲ့ ထိုင်းစစ်တပ် ဖယ်ရှားခိုင်းတိုင်း ဖယ်ရှားစရာမလိုဘဲ မြန်မာ့မြေ၊ မြန်မာ့ရေ၊ မြန်မာ့နယ်မြေနဲ့ ထိုင်းနယ်မြေ မကွဲသရွေ့ လက်ရှိစခန်းချရာ တပ်စခန်း ၉ နေရာက ဖယ်ပေးဖို့ မလိုအပ်ပါဘူး။ နှစ်နိုင်ငံ နယ်မြေပိုင်းခြားပြီးပြီဆိုရင်တော့ ထိုင်းစစ်တပ်က မြန်မာ့မြေကျုးထားရင် ထိုင်းစစ်တပ်ဆုတ်၊ “၀” က ထိုင်းနယ်မြေကျုးထားရင် ကျုးထားတဲ့နေရာက ဆုတ်ရမှာလည်း ပကတိ အမှန်တရားလို့ပဲ ရှုမြင်မိပါတယ်။
◾ ငြိမ်းချမ်းရေးလေသံပါမလာပေမဲ့ စစ်ရေးပဋိပက္ခအပြီးသတ်လိုတဲ့ TNLA ထုတ်ပြန်စာ
ပြီးခဲ့တဲ့ အောက်တိုဘာလကုန်ပိုင်းမှာ မြန်မာအစိုးရက အကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ်ထားတဲ့ MNDAA ခေါင်းဆောင် ဖုန်တာ့ရွှင်ကို တရုတ်နိုင်ငံက ဖမ်းဆီးထားတယ်လို့ သတင်းထွက်လာခဲ့ပေမဲ့ တရုတ်နိုင်ငံဘက်က ဖုန်တာ့ရွှင်ကို ဖမ်းဆီးထားခြင်းမရှိကြောင်း၊ ဆေးကုသမှုခံယူနေခြင်းသာဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သလို ဒီနေ့အထိ ဖုန့်တာ့ရွှင် ပေါ်မလာတဲ့အပြင် နိုဝင်ဘာ ၂၄ ရက်က စပြီး AA လက်နက်ကိုင်ခေါင်းဆောင်အချို့ကိုလည်း ထိန်းသိမ်းထားတယ်လို့ အတည်မပြုနိုင်သေးတဲ့ သတင်းတွေ ဆင့်ကဲထွက်ပေါ်လာတာကြောင့် TNLA က နိုဝင်ဘာ ၂၅ ရက်မှာ စစ်ရေးတင်းမာမှုတွေ တွေ့ဆုံဆွေးနွေးဖြေရှင်းဖို့ အမြဲတမ်းအသင့်ရှိကြောင်း သဘောထားထုတ်ပြန်လာပါတယ်။ ဒီလို ထုတ်ပြန်ခဲ့ပေမဲ့ ဒီထုတ်ပြန်စာဟာ ငြိမ်းချမ်းရေးလိုလားတဲ့အသွင်မဟုတ်ဘဲ လေကြောင်းတိုက်ခိုက်မှုနဲ့ တရုတ်နိုင်ငံကြောင့်သာဖြစ်ဖွယ်ရှိတဲ့အခြေအနေတွေလို့လည်း သုံးသပ်နေကြပါတယ်။
TNLA ရဲ့ ထုတ်ပြန်စာမှာလည်း တရုတ်နိုင်ငံကြောင့်သာ စာထုတ်ရတယ်ဆိုတဲ့ သဘောကို အတိအလင်းဖော်ပြထားပြီး ကျူးကျော်သိမ်းပိုက်ထားတဲ့ နယ်မြေတွေ စွန့်လွှတ်သွားမှာမဟုတ်ဘဲ ခုခံစစ်နဲ့ ဖြေရှင်းသွားမယ်ဆိုတာကို တိတိကျကျဖော်ပြထားတာ တွေ့ရတာကြောင့် TNLA ရဲ့ စာကို ခြုံကြည့်မယ်ဆိုရင် “ငါတို့က စစ်နိုင်နေတယ်။ မြို့တွေလည်း သိမ်းထားနိုင်တယ်။ တရုတ်က ဖမ်းမှာကြောက်လို့ လေကြောင်းတိုက်ခိုက်မှုတွေက ပြည်သူတွေကို ထိခိုက်လို့ မတတ်သာလို့ စစ်ရေးတင်းမာမှုတွေကို တွေ့ဆုံဆွေးနွေးဖြေရှင်းဖို့ အမြဲတမ်းအသင့်ရှိပေမဲ့ လာတိုက်ခိုက်ရင် ခုခံစစ်နဲ့ ပြန်တိုက်မယ်”ဆိုတာကိုပဲ ထုတ်ပြန်ချက်က အဓိပ္ပာယ်ထွက်ပါတယ်။
ဒီနေရာမှာ SAC ဥက္ကဋ္ဌနဲ့ တရုတ်နိုင်ငံဝန်ကြီးချုပ်လီချန်တို့ မဟာမဲခေါင်အစည်းအဝေးမှာ တွေ့ဆုံဆွေးနွေးချိန် SAC ဥက္ကဋ္ဌက MNDAA ၊ TNLA နှင့် AA တို့ဟာ တရုတ်အစိုးရ ကြားဝင်စေ့စပ်ပေးတဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်ကို ချိုးဖောက်ပြီး တိုက်ပွဲဖော်ဆောင်ခဲ့လို့ ဒီအဖွဲ့တွေက ငြိမ်းချမ်းရေး လိုလားကြောင်း ရှင်းလင်းပြတ်သားတဲ့ လုပ်ဆောင်ချက်ပြသလာမှ ဆွေးနွေးမယ်လို့ တရုတ်ဝန်ကြီးချုပ်ကို ပြောကြားခဲ့သလို တရုတ်ဝန်ကြီးချုပ် လီချန်ကလည်း တရုတ်နိုင်ငံအတွင်းအခြေပြုပြီး မြန်မာနိုင်ငံရဲ့ အကျိုးပျက်စီးအောင် ဆောင်ရွက်နေတာကို လက်သင့်ခံမှာ မဟုတ်ကြောင်း၊ KIA၊ MNDAA နဲ့ TNLA တို့ လုယက်သိမ်းယူထားတဲ့ နှစ်နိုင်ငံနယ်စပ်ဂိတ်တွေဟာ အစိုးရ စီမံခန့်ခွဲမှုအောက် ရှိရမှာဖြစ်ပြီး အပြည့်အဝ စီမံခန့်ခွဲနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း SAC ဥက္ကဋ္ဌကို ကတိပေးခဲ့တာမို့ TNLA ရဲ့ ၀တ္တရားကြေ ထုတ်ပြန်ချက်ဟာ SAC ဥက္ကဋ္ဌပြောကြားမှု၊ တရုတ်ဝန်ကြီးချုပ်ပေးထားတဲ့ ကတိတွေနဲ့ ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေတာမြင်ရပြန်ပါတယ်။ ဒီလိုမျိုး ဆန့်ကျင်နေတဲ့ ထုတ်ပြန်စာအရပဲ ငြိမ်းချမ်းရေးစကားဝိုင်းဆီကို TNLA ခေါင်းထိုးဝင်လာဖို့ မဖြစ်နိုင်သေးတာမြင်ရတာမို့ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ခံထားရတဲ့ TNLA နယ်မြေတွေမှာ ပြည်သူတွေ အလျင်စလို မပြန်တာ၊ မနေတာက အကောင်းဆုံးလို့ပဲ ဒီနေ့အထိ ဖြစ်စဉ်တွေအပေါ် ရှုမြင်သုံးသပ်ချင်ပါတယ်။
◾ ကမ္ဘာမှာ တန်းမဝင်တဲ့ NUG ရဲ့ အတုအယောင်ပညာရေး
ဆုပြည်မျိုးသွက်နဲ့ သဉ္ဇာထက်ဆိုတဲ့ မန္တလေးဆေးတက္ကသိုလ်က Final Part -2 ကျောင်းသူနှစ်ဦးဟာ CDM လုပ်ပြီး သူတို့လိုပဲ မန္တလေးဆေးတက္ကသိုလ်က CDM ပါမောက္ခချုပ်ဟောင်းဖြစ်တဲ့ NUG ယာယီဆေးတက္ကသိုလ်( မန္တလေး)က ဒေါက်တာခင်မောင်လွင်ရဲ့ ထောက်ခံချက်နဲ့ ထိုင်းနိုင်ငံက ချုလာလောင်ကွန်းတက္ကသိုလ်ကို တက်ဖို့လုပ်ချိန်မှာ ချုလာလောင်ကွန်းတက္ကသိုလ်ကနေ မြန်မာပြည်တွင်းမှာရှိတဲ့ တရားဝင် မန္တဆေးတက္ကသိုလ်ထံ စိစစ်ပေးဖို သံသယနဲ့ အကြောင်း ကြားလာတာကြောင့် SAC အစိုးရက ဆေးကျောင်းသူနှစ်ဦးနဲ့ ဒေါက်တာခင်မောင်လွင်ကို Blacklist သွင်း ဖမ်းဆီးဖို့ ထုတ်ပြန်ခဲ့သလို ဆုပြည်မျိုးသွက်နဲ့ သဉ္ဇာထက်တို့ရဲ့ ဘွဲ့လက်မှတ်တွေကို NUG နဲ့ ချိတ်ဆက်ပြီး နိုတြီပြန်ပေးသူ သုံးဦးကိုလည်း ဖမ်းဆီးလိုက်တာပါ။ ဒီဖြစ်စဉ်မှာ NUG ရဲ့ တရားမဝင်ပညာရေးကို ယုံကြည်မိလို ဆရာဝန်ဘွဲ့ရလုနီးမှ CDM လုပ်မိမှားတာကြောင့် ဒုက္ခကြုံရတဲ့ ဆေးကျောင်းသူနှစ်ဦးဖြစ်စဉ်ဟာ ကမ္ဘာမှာ ဘယ်သူမှ အသိအမှတ်မပြုတဲ့ NUG ပညာရေးအောက် ခေါင်းတိုးဝင်နေသူတွေအဖို့ သင်ခန်းစာယူစရာလည်းဖြစ်ပါတယ်။
ဒီနေရာမှာ NUG ရဲ့ ယာယီဆေးတက္ကသိုလ်( မန္တလေး) ပါမောက္ခချုပ် ဒေါက်တာခင်မောင်လွင်ကတော့ ချုလာလောင်ကွန်းတက္ကသိုလ်ကို ပေးပို့တဲ့ သူ့ထောက်ခံစာက အတုမဟုတ်ဘဲ NUG ပညာရေးက ထောက်ခံမှုလို့ လူမှုကွန်ရက်မှာ ထုတ်ပြောခဲ့ပေမဲ့ တရားမဝင်တဲ့ ဒီစာရွက်စာတမ်းတွေကို တရားဝင်သယောင်ထုတ်ပေးရဲတဲ့ သူ့လုပ်ရပ်နဲ့ ဆရာဝန်လောင်းတွေဖြစ်ခဲ့ပေမဲ့ တရားမဝင်စာရွက်စာတမ်းနဲ့ ချုလာလောင်ကွန်းတက္ကသိုလ်လျှောက်ရဲသူအမျိုးသမီးနှစ်ဦးရဲ့လုပ်ရပ်ကို အသိဉာဏ်ရှိသူအများစုက ရှုတ်ချခဲ့ကြတာလည်း တွေ့ရပါတယ်။ ဒါကို NUG ပညာရေးဝန်ကြီးဒေါက်တာဇော်ဝေစိုးအပါအဝင် တုံ့ပြန်သူတချို့က ဆုပြည်မျိုးသွက်နဲ့ သဉ္ဇာထက်တို့ ချုလာလောင်ကွန်းတက္ကသိုလ်မှာ ကျောင်းတက်ခွင့်ရကြောင်း သက်သေမပါဘဲ ချေပတာမျိုးလည်း မြင်ရပါသေးတယ်။ ပကတိအနေအ ထားအရ ဆုပြည်မျိုးသွက်နဲ့ သဉ္ဇာထက်တို့ ချုလာလောင်ကွန်းတက္ကသိုလ်မှာ ကျောင်းတက်ခွင့်ရတယ်ဆိုဦးတော့ သူတို့တက်ချင်တဲ့ မြန်မာနိုင်ငံက ဆရာဝန်အဆင့်နဲ့ ကျောင်းပြီးခဲ့တယ်ဆိုတဲ့ အဆင့်အတန်းမှာမဟုတ်ဘဲ မြန်မာနိုင်ငံမှာ ဆေးကျောင်းကို Final Part – 2 အထိ တက်ဖူးခဲ့လို့ သူတို့အရည်အချင်းရှိသလောက် ဆန်းစစ်ခံရပြီးမှ ကျောင်းပြီးဘွဲ့ရအဆင့်မှာ တက်ခွင့်ရတာမျိုးမဟုတ်ဘဲ အတန်းနိမ့်မှာ ချုလာလောင်ကွန်းတက္ကသိုလ်က လက်ခံခွင့်ပြုတာမျိုးပဲ ဖြစ်နိုင်ပါလိမ့်မယ်။ တကယ်တော့ NUG ထက်မကတဲ့ KIA ရဲ့ မိုင်ဂျားယန်လို တက္ကသိုလ်မျိုးဟာ မြေပြင်မှာ ရှိနေတာတောင် အစိုးရက အသိအမှတ်မပြုလို့ ကမ္ဘာ့ဘယ်နေရာကိုမှ တန်းမဝင်တဲ့အချိန်မှာ စက္ကူတစ်ရွက်တောင် အွန်လိုင်းပေါ်က ထုတ်ပေးတဲ့၊ မြေပြင်မှာ တရားဝင်မရှိတဲ့ NUG ရဲ့ အတန်းပြီးဆုံးကြောင်း လက်မှတ်တွေဟာ ဖုန်သုတ်ဖို့လောက်ပဲ အသုံးဝင်မယ်ဆိုတာ အသေအချာပါ။ NUG အနေနဲ့လည်း ကိုယ့်ကို လူထုထောက်ခံရင်ပြီးရောဆိုပြီး စက္ကူတစ်ရွက်လောက်နဲ့ အနာဂတ်လူငယ်တွေကို ဂျင်းထည့်နေတာရပ်ဖို့ လိုပါလိမ့်မယ်။ NUG ရဲ့ ပညာရေးဟာ စက္ကူစုတ်ပညာရေးမဟုတ်ဘူးလို့ သက်သေပြချင်တယ်ဆိုလည်း နွေဦးတော်လှန်ရေးအကြောင်းပြပြီး တတိယနိုင်ငံကြီးတွေဆီ ပြေးသွားကြတဲ့ ဦးရည်မွန်၊ ဒေါက်တာဇော်ဝေစိုး၊ ဦးတင်ထွန်းနိုင် စတဲ့သူတွေရဲ့ သားသမီးတွေနဲ့ တော်လှန်တက်ကြွ၊ ထွက်ပြေးကြရင်း ကမ္ဘာ့တက္ကသိုလ်တွေမှာ ဘွဲ့လွန်တက်ဖို့၊ ကျောင်းဆက်တက်ဖို့ ကြိုးစားနေသူအကုန်လုံးက မြန်မာပြည်က ကျောင်းပြီးခဲ့ကြောင်း ထောက်ခံချက်တွေ လှမ်းမတောင်းဘဲ NUG ပညာရေးမှာ ရှေ့ကအရင် ဝင်တက်ပြပြီး ရင်းပြပါ့လားလို့သာ တောင်းဆိုချင်ပါတယ်။
◾ ၂၀၃၀ အထိ ဆွဲဆန့်လာတဲ့ တော်လှန်ရေး
နွေဦးတော်လှန်ရေးအစမှာ တော်လှန်ရေးအောင်မြင်ဖို့ ၂၀၂၁ ခုနှစ်အတွင်းမှာ သုံးရက်၊ သုံးလ၊ ခြောက်လပဲ သည်းခံဖို့ ပြောခဲ့မှုနဲ့ စတင်ခဲ့တဲ့ NUG ဟာ ၂၀၂၂ ခုနှစ်ကို ကူးပြောင်းတော့မယ်ဆိုချိန်မှာ “၂၀၂၂ ခုနှစ်ဟာ တော်လှန်ရေး အောင်ပွဲရမယ့်နှစ်”လို့ ဒေါ်ဇင်မာအောင်အပါအဝင် NUG ခေါင်းဆောင်တွေက လူထုကို ကျုံးသွင်းခဲ့ဖူးပါတယ်။ ဒါပေမဲ့ ၂၀၂၂ ခုနှစ်ဟာလည်း အောင်ပွဲမရချိန်မှာ ဦးရည်မွန်၊ ဒေါ်ဇင်မာအောင်တို့လို လူထုကြား မကြာခဏမြင်တွေ့ရသူတွေနဲ့ NUG ခေါင်းဆောင်ပိုင်းတွေကပဲ ၂၀၂၃ ခုနှစ်ဟာ အဆုံးအဖြတ်အတွက် အဆုံးသတ်နှစ်လို ထပ်မံ မြူဆွယ်ကြပြန်ပါသေးတယ်။ ၂၀၂၃ ခုနှစ်ဟာလည်း အဆုံးသတ်အတွက် အဆုံးအဖြတ်မဖြစ်လာချိန်မှာ NUG ခေါင်းဆောင်တွေက ၂၀၂၄ ခုနှစ်ဟာ ပန်းတိုင်ရဲ့ အနီးကပ်ဆုံးရောက်မဲ့နှစ်လို့ လိမ်လည် ပြောကြပြန်ပါတယ်။
ဒါပေမဲ့လည်း ၂၀၂၃ ခုနှစ်ကစလို့ NUG ထောက်ပို့တွေနဲ့ NUG ဝန်ကြီးတွေဟာ ပြည်သူ့အလှူငွေကိုယ်ကျိုးသုံးပြီး ပြည်ပမှာ စားသောက်ဆိုင်တွေ၊ စတိုးဆိုင်တွေ၊ ဒေါ်လာသိန်းသန်းချီ တန်တဲ့ အိမ်ရာဝယ်ယူမှုတွေ၊ မြန်မာပြည်တွင်းကလူငယ်တွေကို CDM ဆိုပြီး ပညာရေး သပိတ်မှောက်စေခဲ့ပေမဲ့ ကိုယ့်ရင်သွေးကိုယ်ကြတော့ ပြည်သူ့အလှူငွေနဲ့ ဒေါက်တာဘွဲ့တွေပါ ထပ်ယူစေခဲ့တာတွေ၊ ဒေါ်လာသန်းရာချီ အဂတိမှုတွေ ပေါ်ပေါက်လာတာ၊ အင်အားကြီးတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေစည်းရုံးပြီး ဖက်ဒရယ်တပ်မတော်ထူထောင်နိုင်ဖို့ လမ်းစ မပြုလုပ်နိုင်တဲ့အပြင် အင်အားနည်းတဲ့ ဒေသန္တရလက်နက်ကိုင်တွေကို သတ်ဖြတ်ချေမှုန်းတာ၊ NUG ရဲ့ ပသုံးလုံးနယ်မြေမှာ တော်လှန်ရေးအင်အားစုဘက်က ဒီမိုကရေစီအရေးလှုပ်ရှားတဲ့ အမျိုးသားတွေ သတ်ဖြတ်ခံရ၊ အမျိုးသမီးတွေ မုဒိမ်းကျင့်ခံရတဲ့အပြင် ပသုံးလုံးလက်နက်ကိုင်တွေရဲ့ သစ်မှောင်ခိုမှုတွေ လောင်းကစားသမားတွေနဲ့ ကိုယ်ကျိုးရှာမှုတွေ အဂတိမှုတွေကို ဖော်ထုတ်တိုင်ကြားတဲ့ NUG ရဲ့ ကနီမြို့နယ်ပညာရေးတာဝန်ခံ CDM ကျောင်းဆရာဦးဝင်းဌေး မိသားစုကို သုံးနှစ်သမီးပါမချန် ပသုံးလုံးနယ်မြေမှာ လည်လှီးအသတ်ခံရပြီး တရားခံကို NUG ဖော်ထုတ်မပေးနိုင်တဲ့ဖြစ်စဥ်တွေ ဖြစ်ခဲ့အပြီးမှာ NUG အပေါ် လူထု ထောက်ခံယုံကြည်မှု ကျဆင်းလာသလို NUG ယာယီသမ္မတ ဒူဝါလရှီးလက တော်လှန်ရေးအောင်မယ့်နှစ်ဆိုတာကို အနီးကပ် ၂၀၂၅ ခုနှစ်တင်မက ၂၀၃၀ အထိ ပြင်ထားဖို့ပါ ပြောလာတာကို တွေ့ရပါတယ်။
ဒါတင်မက NUG ဟာ “အဝေးရောက်အစိုးရ” ဖြစ်လို့မရဘဲ လက်တွေ့ကျကျ မြေပြင်မှာ အင်အားတည် ဆောက်ရမှာလို့လည်း ဒူဝါလရှီးလက ဝန်ခံခဲ့တဲ့အပြင် အလုပ်လက်မဲ့ NUG ဝန်ကြီးတွေ ပြည်သူ့ အလှူငွေသုံးပြီး တတိယနိုင်ငံကြီးတွေမှာ မိသားစုလိုက်စည်းစိမ်ခံတာရပ်ပြီး ပြည်တွင်း ပြန်ဝင်ဖို့လည်း တိုက်တွန်းခဲ့တာလည်း မြင်ရပြန်ပါသေးတယ်။
လက်နက်မဲ့ရဟန်းသံဃာ၊ သီလရှင်တွေနဲ့ ဆရာဆရာမတွေ၊ ကျောင်းသားကျောင်းသူတွေ၊ နိုင်ငံ့ဝန်ထမ်းတွေ၊ ရပ်ကျေးတွေကို “ဒလန်၊ သူလျှိ၊ နစကယန္တရားလည်ပတ်စေသူ”လို့ အမည်တပ်ပြီး လူပေါင်း ၈၀၀၀ ကျော်ကို နောက်ကနေ ချောင်းမြောင်းပစ်ခတ်သတ်ဖြတ်ပြီး တော်လှန်ရေးရန်ပုံငွေအမည်တပ်လို့ ပါသမျှ ရှိသမျှ ရွှေငွေတွေ လုယက်ပြီး လေလံတင်ရောင်းချမှုကြောင့် နာမည်ပျက်နေရတဲ့ NUG နဲ့ PDF တွေအဖို့ မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့ရဲ့ အပြောင်းအလဲနဲ့ NUG ဝန်ကြီးတွေရဲ့ အဂတိမှုတွေ၊ ထောက်ပို့တွေက ပြည်သူ့အလှူငွေ ရာခိုင်နှုန်းယူကြောင်း တရားဝင်ပေါ်ပေါက်မှုတွေ၊ “ပကဖ၊ ပလဖ နဲ့ ပအဖ”တွေရဲ့ မုဒိမ်း၊ လူသတ်၊ လုယက်၊ ဆက်ကြေးကောက်မှုတွေကြောင့် ပြည်သူလူထုက တော်လှန်ရေးကို ယုံကြည်မှုပျက်ယွင်းလာတဲ့အခြေအနေကြောင့်လည်း NUG ရဲ့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက လာမယ့်နှစ် ကြုံးဝါးသံနဲ့ပတ်သက်ပြီး “၂၀၂၅ ဟာ ကျွန်တော်တို့ တော်လှန်ရေးအတွက် တကယ့်ကို အလှည့်အပြောင်းတွေ ဖြစ်လာမယ့် နှစ်ဖြစ်ပါတယ်။ ဒီအတွက် ဝန်ကြီးများအားလုံး တော်လှန်ရေးအရွေ့အတွက် ထိရောက်မှုရှိစေမယ့် လုပ်ငန်းဆောင်တာများကို ဦးစားပေး လုပ်ဆောင်ကြဖို့ ထပ်မံတိုက်တွန်း ပြောကြားလိုပါတယ်” လို့လည်း ဟန် ကိုယ့်ဖို့ ပြောလာတာလည်း တွေ့ရပြန်ပါသေးတယ်။
ပြည်သူလူထုကို တစ်နှစ်ကုန်တိုင်းတစ်နှစ်နိုင်မယောင် လိမ်လည်ဆွဲဆောင်ပြီး မျှော်လင့်ချက်အမှားတွေနဲ့ အလှုခံရပ်တည်နေကြတဲ့ NUG ဟာ ဒီနှစ်မှာတော့ တစ်နှစ်လောက်ပြင်ဖို့ မပြောနိုင်တော့ဘဲ ၆ နှစ်လောက်အကွာ ၂၀၃၀ အထိ ပြင်ဖို့ ပြောလာလည်း လက်ရှိတော်လှန်ရေးအသိုင်းအဝိုင်းက လုပ်ဆောင်မှုပုံစံတွေနဲ့တော့ ဘယ်တော့မှ အောင်မြင်မှာ မဟုတ်ဘူးလို့လည်း NLD ရဲ့ အမတ်ဟောင်း ဦးကျော်မြင့်ဦးက ဝေဖန်ထားပြီး မြေပြင်မှာ NUG ရဲ့ ပသုံးလုံးအဖွဲ့တွေဟာ သူတို့လို လွှတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့သူတွေကိုတောင် ဖမ်းဆီးရိုက်နှက်လုပ်နေကြတာကြောင့် အကုန်နှုတ်ဆိတ်နေရတယ်လို့လည်း ပြောတာတွေ့ရပါသေးတယ်။ လက်တွေ့မှာလည်း အွန်လိုင်းအစိုးရ NUG ရဲ့ မထိန်းချုပ်နိုင်မှုနဲ့ မြေပြင်ကလက်နက်ကိုင် ပသုံးလုံးတွေ လူသတ်၊ လုယက်၊ မုဒိမ်းကျင့်၊ ဆက်ကြေးကောက်တာတောင် လက်ခုပ်သံရလို့ ထင်ရာစိုင်းရမ်းကားမှုတွေဟာ NUG နဲ့ PDF ယုံမိသူတွေအဖို့ နောက်ဘုန်းကြီးက နှစ်ချက်ခေါက်ခံနေရသလို အားလုံးကို ကြောက်နေရပြန်ပါသေးတယ်။ NUG ဟာ အခုပဲ တော်လှန်ရေးနိုင်မယောင် တစ်နှစ်ချင်း တစ်နှစ်ချင်း တိုးပြောတာတောင် တကယ့်လက်တွေ့မှာ နိုင်မယ်လို့ ယုံကြည်ချင်စရာ ဟုတ်ဟုတ်ငြားငြားလုပ်မပြနိုင်ဘဲ အဂတိနဲ့ လက်နက်ကိုင်အနိုင်ကျင့်နေတာပဲ မြင်နေရတာကို ဒီလိုမျိုး အာဏာအစစ်မရသေးချိန်မှာတောင် ပြည်သူလူထုကို နိုင့်ထက်စီးနင်း ယုတ်မာနေသူတွေ ဆက် ယုံစားနေမယ့်အစား ၂၀၂၅ ခုနှစ်ထဲမှာ ရွေးကောက်ပွဲဖြစ်မြောက်သွားအောင် တောင်းဆိုပြီး ဒီမိုကရေစီစနစ်ဆီကို တစ်နှစ်ကျော်နဲ့ ပြန်သွားရင်း တပ်မတော်ကိုတောင် ပြန်ဝေဖန်လို့ရမယ့် ၂၀၁၅ လိုကာလမျိုးပြန်သွားတာက ဆုတ်ယုတ်စ ဒီနိုင်ငံအတွက် အဖြစ်သင့်ဆုံးပါလို့ တင်ပြရင်း ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက် ရပ်နားပါရစေ။
◾ Website တွင် ဆက်လက်ဖတ်ရှုရန်