◾️ အကြောင်းအမျိုးမျိုးပြပြီး ကန့်သတ်မှုမျိုးစုံကြုံတွေ့နေရ၍ လက်ရှိပို့ကုန်ကို နှစ်ဆတိုးမြှင့်နိုင်မှသာ နိုင်ငံ့ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူရမည်ဟုပါ ပြောကြား
၂၈. ၁၁. ၂၀၂၄
Written by Nyein Kyaw
မြန်မာနိုင်ငံအပေါ် စီးပွားရေးနှင့်ပတ်သက်ပြီး အဖျက်အမှောင့်၊ ပိတ်ဆို့ဟန့်တားမှုနှင့် အကျပ်အတည်းများကို ကျော်လွှားနိုင်ရန် နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့ရကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ ပြုလုပ်သည့် မြန်မာနိုင်ငံ “စီးပွားရေးပညာနှစ် (၁၀၀)” ရာပြည့်အထိမ်းအမှတ် အခမ်းအနားတွင် ပြောကြားခဲ့သည်။
ကမ္ဘာ့ပထဝီနိုင်ငံရေး၊ ပထဝီစီးပွားရေးတို့၏ အားပြိုင်မှုများကို မိမိတို့နိုင်ငံအနေဖြင့်လည်း အနည်းနှင့်အများ သက်ရောက်ခံစားကြရကြောင်း၊ မိမိတို့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ နိုင်ငံတော်တာဝန်ကို စတင်ယူကတည်းက စီးပွားရေးနှင့်ပတ်သက်ပြီး အဖျက်အမှောင့်၊ ပိတ်ဆို့ဟန့်တားမှုများစွာနှင့် အကျပ်အတည်းများကို ကျော်လွှားနိုင်ရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) အခန်း (၁၀၊ ပုဒ်မ ၃၅ တွင် “နိုင်ငံတော်၏ စီးပွားရေးစနစ်သည် ဈေးကွက်စီးပွားရေးစနစ်ဖြစ်သည်” ဟု ပြဋ္ဌာန်းထားကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သည့်အလျောက် ဈေးကွက်အားနည်းချက် (Market Failure) များစွာရှိသည့်အတွက် အစိုးရက ပါဝင်ဆောင်ရွက်နေရသည့် အခန်းကဏ္ဍများစွာရှိကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုသည် ဈေးကွက်ဝင်သည့် ကုန်ထုတ်လုပ်မှုမြင့်မားရန် အလွန်အရေးကြီးကြောင်း၊ အကြောင်းအမျိုးမျိုးပြပြီး ကန့်သတ်မှုမျိုးစုံကြုံတွေ့နေရသည့် မိမိတို့နိုင်ငံသည် လက်ရှိပြည်ပပို့ကုန်ကို နှစ်ဆတိုးမြှင့်နိုင်မှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် အထောက်အကူရမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
မိမိတို့နိုင်ငံ GDP ၏ ၉၀ ရာခိုင်နှုန်းခန့်သည် ပုဂ္ဂလိကကဏ္ဍ၏ ထုတ်လုပ်မှုများဖြစ်သကဲ့သို့ နိုင်ငံစီးပွားရေးလုပ်ငန်းများ၏ ၉၅ ရာခိုင်နှုန်းသည်လည်း အသေးစား၊ အငယ်စား၊ အလတ်စား ကုန်ထုတ်လုပ်ငန်းများသာ ဖြစ်ကြကြောင်း၊ ထို့ကြောင့် ပို့ကုန်တိုးမြှင့်ရေးနှင့် သွင်းကုန်အစားထိုးရေး လုပ်ငန်းများအတွက် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးမှုနှင့် Agro-based Industry ကို အဓိကထားပြီး MSME များဖွံ့ဖြိုးတိုးတက်မှုတို့ကို တွဲဖက်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူပြု ဝန်ဆောင်မှုလုပ်ငန်းများကို ပံ့ပိုးပေးလျက်ရှိကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။