◾ ဥပဒေအရလည်း ICC အနေဖြင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ခွင့်ပြုချက်မရဘဲ တရားစီရင်ပိုင်ခွင့် မရှိဟုပါ သတိပေး
၂၈. ၁၁. ၂၀၂၄
Written by Nay Moe
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး(ICC) က ဖမ်းဝရမ်းထုတ်ဖို့ ကြိုးပမ်းမှုကို မျှမျှတတလုပ်ဆောင်ဖို့ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်းက ဒီနေ့မှာ ဝေဖန်တုံ့ပြန်လိုက်ပါတယ်။
“ICC တရားရုံးအနေနဲ့ မျှမျှတတ ဆောင်ရွက်သင့်တယ်ဆိုတဲ့ရပ်တည်ချက်ကို တရုတ်က အမြဲ စွဲကိုင်ထားပါတယ်” လို့ တရုတ်နိုင်ငံခြားရေးဌာနပြောခွင့်ရပုဂ္ဂိုလ် Mao Ning က ပေကျင်းမြို့တော်မှာပြုလုပ်တဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ကြောင်း VOA သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
ဒီဖြစ်စဥ်နဲ့ ပတ်သက်လို့ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန တရားဝင်ထုတ်ပြန်ချက်မှာတော့ AFP သတင်းဌာနက အရင် NLD အစိုးရဟောင်းလက်ထက် သမ္မတ(ဟောင်း) ဦးထင်ကျော်တာဝန်ယူချိန် ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်က ဘင်္ဂါလီအရေးနဲ့ ပတ်သက်ပြီး ဘင်္ဂါလီမွတ်ဆလင်တွေကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ပတ်သက်လို့ ဖမ်းဝရမ်းထုတ်ပေးဖို့ ICC ရှေ့နေချုပ် Karim Khan က ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့က ဦးတိုက်လျှောက်ထားခဲ့မှုအပေါ် မှတ်ချက်ပြုပေးဖို့ မေးမြန်းခဲ့တာပါ။
ဒီမေးခွန်းကို မော်နင်းက ပြန်လည်ဖြေဆိုရာမှာ ရခိုင်အရေးဟာ ရှုပ်ထွေးလှတဲ့ သမိုင်းကြောင်းတွေ၊ လူမျိုးရေးနဲ့ ဘာသာရေးနောက်ခံတွေရှိပြီး ဘက်ပေါင်းစုံက ချည်းကပ်လို့ သတိရှိရှိလုပ်ဆောင်ဖို့လိုအပ်တယ်လို့ ICC ကို ပြောကြား ဖြေဆိုခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံနဲ့ ချစ်ကြည်ရင်းနှီးတဲ့ အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံအနေနဲ့ တရုတ်နိုင်ငံဟာ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်တိုးတက်မှုတွေကို နီးနီးကပ်ကပ်စောင့်ကြည့် လိုက်နာဆောင်ရွက်နေသလို အခြေအနေတည်ငြိမ်ရေးနဲ့ ပိုမိုဆိုးရွားမလာစေဖို့ အပြုသဘောဆောင်တဲ့ ကဏ္ဍကနေ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိတယ်လို့လည်း ဖြေဆိုခဲ့ပါတယ်။ ဒါ့အပြင် ဥပဒေအရဆိုရင်လည်း ICC တရားရုံးက ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ခွင့်ပြုချက်မရဘဲ၊ ဖမ်းဝရမ်းမထုတ်ခိုင်းဘဲ နိုင်ငံတစ်နိုင်ငံကဖြစ်ဖြစ် အဲ့ဒီနိုင်ငံက အစိုးရခေါင်းဆောင်ကဖြစ်ဖြစ် ကျူးလွန်တဲ့လုပ်ရပ်တွေကို တရားစီရင်ပိုင်ခွင့် မရှိဘူးလို့လည်း ICC ရဲ့ လုပ်ရပ်တွေအပေါ် ဝေဖန်တုံ့ပြန်ခဲ့ပါတယ်။
ဒါ့အပြင် တရားစီရင်ရေး အခြေခံမူတွေနဲ့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အခြေခံမူတွေ၊ ဥပဒေနဲ့အညီ လုပ်ပိုင်ခွင့်အာဏာကို အသုံးပြုမှုနဲ့ နိုင်ငံတကာ ရာဇဝတ်တရားရုံးရဲ့ Rome Statute သဘောတူစာချုပ်အတိုင်း လိုက်နာမှု စတဲ့မူတွေကို တရုတ်နိုင်ငံက ကြပ်ကြပ်မတ်မတ်လိုက်နာတယ်လို့လည်း မော်နင်းက ပြောကြားခဲ့သလို တရုတ်နိုင်ငံဟာလည်း မြန်မာနိုင်ငံလိုပဲ Rome Statute ကို လက်မှတ်ထိုးမထားတဲ့ နိုင်ငံဖြစ်ပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ပေးဖို့ ICC ရဲ့ ရှေ့နေချုပ် Karim Khan က ICC တရားရုံးကို နိုဝင်ဘာ ၂၇ ရက်က လျှောက်ထားခဲ့မှုအပေါ်လည်း SAC သတင်းထုတ်ပြန်ရေးအဖွဲ့က “မြန်မာနိုင်ငံသည် ICC အဖွဲ့ဝင်နိုင်ငံမဟုတ်သကဲ့သို့ ICC ၏ ပြောကြားချက်များအပေါ် မည်သည့်အခါကမှ အသိအမှတ်ပြုခြင်းမရှိပါ။ မြန်မာနိုင်ငံအနေဖြင့် ဒေသတွင်းအပြင် ကမ္ဘာ့နိုင်ငံများနှင့် ဆက်ဆံရာတွင် လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးလျက်ရှိပြီး နိုင်ငံများအကြား အေးချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကို ကျင့်သုံးလျက်ရှိသည်” လို့လည်း ဖြေကြားထားပါတယ်။
Ref, VOA & FMPRC