၇. ၁. ၂၀၂၃
Written by Nay Aung
ထိုင်းနိုင်ငံရှိ ကြက်မွေးမြူရေးခြံတွင်အလုပ်လုပ်ပြီး Mae Klong ဈေးတွင် ကြက်သားနှင့် ကြက်ဥများရောင်းချနေသည့် အသက် ၂၉ နှစ်အရွယ်ရှိ မြန်မာနိုင်ငံသား ကိုသန့်ဇင်ထွန်းဆိုသူသည် ထိုင်းလူနာများကို ကုသနိုင်ရန် ၎င်း၏ခန္ဒာကိုယ်အစိတ်အပိုင်းများ ကူညီလှူဒါန်းပေးခဲ့ကြောင်း ရက်ချာဘူရီဆေးရုံကဆိုသည်။
မြန်မာနိုင်ငံသား ကိုသန့်ဇင်ထွန်းသည် ပြီးခဲ့သော ဇန်နဝါရီ ၃ရက်တွင် အက်ဆီးဒန့်ဖြစ်ပွားခဲ့ပြီးနောက် ရက်ချာဘူရီခရိုင်ရှိ ပါထော့ဆေးရုံသို့ အရင်ရောက်ခဲ့သည်။
အဆိုပါဆေးရုံတွင် အခြေနေကောင်းမွန်မှုမရှိဘဲ သတိမေ့နေဆဲဖြစ်သည့်အတွက် ရက်ချာဘူရီဆေးရုံသို့ ထပ်မံပို့ဆောင်ခဲ့ရသည်။
ရက်ချာဘူရီဆေးရုံသို့ ရောက်ရှိချိန်တွင် ဆရာဝန်များသည် ကိုသန့်ဇင်ထွန်း၏ ဦးခေါင်းကို ဓာတ်မှန်ရိုက်ခြင်း၊ လည်ပင်းအရိုးများအပါအဝင် ခန္ဒာကိုယ်အရိုးများကို စမ်းသပ်စစ်ဆေးခြင်းများ ပြုလုပ်ခဲ့သည်။ ရက်ချာဘူရီဆေးရုံက လူနာ၏ လည်ပင်းအရိုးသည် ပုံမှန်မဟုတ်ဘဲနေရာရွေ့နေကြောင်း၊ ဆေးရုံကို ရောက်ရှိပြီးနောက်မျှော်လင့်ချက်ဖြင့် ကုသခဲ့သော်လည်း အချိန်အနည်းငယ်အတွင်း စိုးရိမ်ရသည့်အခြေနေကို ရောက်ရှိခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
ဆရာဝန်များသည် လူနာ၏အခြေအနေကို မိသားစုထံ အသိပေးခဲ့ပြီး ကိုယ်အင်္ဂါအစိတ်အပိုင်းများ အလှူခံခဲ့ရာ ကိုသန့်ဇင်ထွန်း၏ ဇနီးနှင့် အကိုဖြစ်သူတို့က ကိုယ်အင်္ဂါအစိတ်အပိုင်းများ လှူဒါန်းရန်ခွင့်ပြုခဲ့ကြောင်း ရက်ချာဘူရီဆေးရုံက သတင်းထုတ်ပြန်ထားသည်။
ကိုသန့်ဇင်ထွန်းသည် ဇနီးနှင့် သားတစ်ဦးရှိပြီး ၎င်း၏မိဘများမှာ မြန်မာနိုင်ငံတွင်ဖြစ်ကြောင်း ထိုင်းသတင်းများတွင်ဖော်ပြထားသည်။ ရက်ချာဘူရီဆေးရုံတာဝန်ရှိသူများသည် မြန်မာနိုင်ငံသား လူနာသေဆုံးချိန်တွင် လှူဒါန်းနိုင်မည့် ကိုယ်အင်္ဂါအစိတ်အပိုင်းများကို ခွဲစိတ်ရယူခဲ့ရာ မျက်လုံးတစ်စုံအပြင် အရိုးနှင့်တစ်ရှူး ၁၁ ခုကို ရရှိခဲ့သည်။
ရက်ချာဘူရီဆေးရုံသည် ကိုသန့်ဇင်ထွန်းထံမှ ခွဲစိတ်ရယူထားသော မျက်လုံးတစ်စုံကို ထိုင်းကြက်ခြေနီအဖွဲ့ချုပ်ထံ ဆက်လက်လှူဒါန်းခဲ့သလို အရိုးနှင့် တစ်ရှူးများကို ဘန်ကောက်မြို့ရှိ တော်ဝင်ဇီဝတစ်ရှူးဌာနထံ ဆက်လက်လှူဒါန်းပေးခဲ့သည်။
ကိုသန့်ဇင်ထွန်းလှူဒါန်းခဲ့သော ကိုယ်အင်္ဂါအစိတ်အပိုင်းများသည် ထိုင်းနိုင်ငံရှိ အခြားလူနာ ၁၃ ဦးကို ကုသနိုင်ရန် အကူညီပေးနိုင်ဖွယ်ရှိနေကြောင်း ထိုင်းသတင်းများကဆိုသည်။ ရက်ချာဘူရီဆေးရုံသည် ကိုယ်အင်္ဂါအစိတ်ပိုင်းများလှူဒါန်းခဲ့ခြင်းအတွက် ကိုသန့်ဇင်ထွန်း အပေါ် ချီးကျူးဂုဏ်ပြုမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ref ejan၊ khaochaobaan