၂၈.၁၁. ၂၀၂၄
Translated by Htwe Ko Tun
ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ဂါဇီပူရ်ခရိုင်၊ ချန်ဒရာမြို့မှာ Mahmud Jeans အထည်ချုပ်စက်ရုံမှ အလုပ်သမားတွေဟာ သုံးလစာမရရှိသေးတဲ့ သူတို့ရဲ့လစာတွေပေးဖို့နဲ့ လုပ်ငန်းမှ အကျိုးအမြတ်ရခွင့်တွေလည်းရဖို့ တောင်းဆိုကြရင်း ဒက်ကာ-တန်ဂေးလ် အဝေးပြေးလမ်းမကြီးကိုပိတ်ဆို့ကာ နိုဝင်ဘာလ ၂၈ ရက် နံနက်က ဆန္ဒပြခဲ့ကြတာကြောင့် ယာဉ်အသွားအလာ များပြားလှတဲ့ အဝေးပြေးလမ်းမကြီးမှာ ယာဉ်သွားလာမှု အခက်အခဲဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။
အလုပ်သမားတွေက စက်ရုံအာဏာပိုင်တွေရဲ့ ပြီးခဲ့တဲ့နှစ်လအတွင်း သူတို့ရဲ့လစာတွေပုံမှန်ပေးဖို့ကတိကို အကြိမ်ကြိမ်ချိုးဖျက်ကြတာကို မချင့်မရဲ ဖြစ်ကြရတာ ဖော်ပြရင်း နံနက် ၉ နာရီမှာ စတင် ဆန္ဒပြခဲ့ကြပါတယ်။
အလုပ်သမားအများအပြားက လစာတွေမရရှိမှုကြောင့်သူတို့အနေနဲ့ ငွေကြေးအခက်အခဲပြဿနာ အမျိုးမျိုးကြုံတွေ့ပြီး မဖြေရှင်းနိုင်ဖြစ်နေကြရတယ်လို့လည်း ဆိုခဲ့ကြပါတယ်။ သူတို့မှာအိမ်လခတွေ၊ ဒေသတွင်းဆိုင်တွေက အကြွေးတွေပေးဆပ်ဖို့ရှိနေပြီး ထပ်မံ အကြွေးမရောင်းချဘူးလို့ ငြင်းဆိုခြင်းခံနေရတယ်လို့လည်း ပြောခဲ့ကြပါတယ်။
အလုပ်သမားတွေက လစာပုံမှန်မရလို့ သူတို့ ကလေးတွေအတွက် ကျောင်းစရိတ်တွေ မပေးနိုင်ဖြစ်ကာ ကလေး တွေရဲ့ ပညာရေးမှာ အထူးထိခိုက်နေရတာ၊ ကလေးတွေမှာ ပုံမှန်စာမေးပွဲတွေ ဝင်ရောက်ဖြေဆိုခွင့်မရဖြစ်နေရတာနဲ့ ပညာရေးတိုးတက်မှုကိုအန္တရာယ်ရှိနေတယ်ဆိုတာ အလေးထားပြောခဲ့ကြပါတယ်။
ရဲတပ်ဖွဲ့က ဆန္ဒပြအလုပ်သမားတွေနဲ့ ညှိနှိုင်းဆွေးနွေးကာ သူတို့ကို အဝေးပြေးလမ်းမကြီးပေါ်မှ လူစုခွဲပေးဖို့ ဖျောင်းဖျနှစ်သိမ့်ခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အထည်ချုပ်စက်ရုံကဏ္ဍမှာ ငွေကြေးဆိုင်ရာစီမံခန့်ခွဲမှုဆိုးဝါးတာရယ် ပုံမှန်လစာ မပေးနိုင်တာတို့ရယ်ကြောင့် အလုပ်သမားတွေရဲ့ ဆန္ဒပြမှုတွေမကြာခဏဖြစ်နေရတာက အထည်ချုပ်ကဏ္ဍမှာ အကြီးမားဆုံးကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေ ဖြစ်ပါတယ်။
Ref- Dhaka Tribune