၂၈.၁၁. ၂၀၂၄
Translated by Htwe Ko Tun
မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ တရုတ်နိုင်ငံရဲ့ စီးပွားရေးနဲ့ မဟာဗျူဟာမြောက်အကျိုးစီးပွားတွေကို ကာကွယ်စောင့်ရှောက်ဖို့ တရုတ်နိုင်ငံသားတွေကို မြန်မာနိုင်ငံအထဲမှာ ဖြန့်ချထားတာက နိုင်ငံရဲ့ ပြည်တွင်းစစ်ထဲကို တရုတ်နိုင်ငံသားတွေကို ဆွဲသွင်းသလိုဖြစ်မှာဖြစ်ပြီး သေကြေပျက်စီးမှုတွေနဲ့ သံတမန်ရေး အကျပ်အတည်းအခြေအနေတွေကို ဦးတည်စေနိုင်တယ်လို့ အကဲဖြတ်တွေက သတိပေးပြောကြားခဲ့ကြပါတယ်။
ကျွမ်းကျင်သူတွေက တရုတ်လုံခြုံရေးပုဂ္ဂိုလ်တွေအနေနဲ့ မြန်မာနိုင်ငံအတွင်း လက်နက်ကိုင်အဖွဲ့တွေကို တရုတ်နိုင်ငံရဲ့ လုပ်ငန်းတွေ ပြန်စနိုင်ဖို့ ခွင့်ပြုဖို့ ဖျောင်းဖျပြောကြားရာမှာ ကြီးမားတဲ့စိန်ခေါ်မှုတွေနဲ့ တွေ့ရနိုင်တယ်လို့ ဆိုကြပါတယ်။ တရုတ်လုပ်ငန်းတွေအများစုကလည်း အစိုးရဆန့်ကျင်ရေးအင်အားစုတွေထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ ရှိနေပါတယ်။
မကြာသေးမီက တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံတို့မှ ရရှိတဲ့သတင်းတွေအရ တရုတ်စီမံကိန်းတွေနဲ့ တာဝန်ရှိသူတွေကို ကာကွယ်ဖို့ တရုတ်စီမံကိန်းတွေက မြန်မာအစိုးရနဲ့အတူ ပူးတွဲလုံခြုံရေးကုမ္ပဏီတစ်ခု တည်ထောင်မယ်လို့ သိရပါတယ်။အောက်တိုဘာ ၂ ရက်မှာတော့ မြန်မာအစိုးရက ထိုစီမံချက်အတွက် နားလည်မှု စာချွန်လွှာ သဘောတူညီချက်မူကြမ်းတစ်ရပ်ရေးဆွဲဖို့ ကော်မတီတစ်ရပ်ဖွဲ့စည်းခဲ့ပါတယ်။ ဘီဘီစီသတင်းဌာနကတော့ မြန်မာနိုင်ငံအတွင်း တရုတ်နိုင်ငံရဲ့ ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီလေးခု တည်ထောင်လည်ပတ်နေတယ်လို့ ဆိုခဲ့ပါတယ်။
အဆိုပါစီမံချက်အတွက် အဆိုပြုမှုက ဩဂုတ်လအတွင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ရိရဲ့ မြန်မာနိုင်ငံခရီးစဉ်နဲ့ မြန်မာခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ နိုဝင်ဘာလအတွင်း တရုတ်နိုင်ငံသို့ ခရီးစဉ်တွေအပြီးမှာ ထွက်ပေါ်လာခဲ့တာလည်း ဖြစ်ပါတယ်။
ဩစတြေးလျနိုင်ငံတောင်ပိုင်းက တက္ကသိုလ်တစ်ခုက ဝါရင့်ကထိကတစ်ဦးဖြစ်တဲ့ အဒမ်ဆင်ဆန်က တရုတ်ပုဂ္ဂလိကစစ်ဘက်ကော်ပိုရေးရှင်းတွေက လုံခြုံရေးလုပ်ငန်းတွေ မြန်မာနိုင်ငံအတွင်း ဆောင်ရွက်ကြမယ်ဆိုရင် တရုတ်နိုင်ငံသားတွေအဖို့ မြန်မာပြည်တွင်းစစ်မှာ ဝင်ရောက်ပါဝင်မိလျက်သားဖြစ်ပြီး သေကြေအသတ်ခံရမှုတွေရှိနိုင်တယ်လို့ ပြောခဲ့ပါတယ်။ဒါက သံတမန်ရေး အခက်အခဲအခြေအနေတစ်ရပ်ကို ဖြစ်စေနိုင်တယ်လို့လည်း သူက ဆိုခဲ့ပါသေးတယ်။ ဒါ့ပြင် သူက မြန်မာအစိုးရအတွက် တရုတ်လုံခြုံရေးကုမ္ပဏီတွေ တည်ရှိလာတာက မြန်မာနိုင်ငံအတွင်း တရုတ်နိုင်ငံအကျိုးစီးပွားတွေ အတွက် သူကအာမခံနိုင်မှု မရှိတာကို စိတ်အနှောင့်အယှက်ဖြစ်စဖွယ် အသိအမှတ်ပြု ပြသရာရောက်တယ်လို့ ဆိုခဲ့ပါသေးတယ်။
ဆက်လက်ပြီး ဆင်ဆန်က ဒီလို လုံခြုံရေးလုပ်ငန်းတွေမှာ တရုတ်နိုင်ငံသားတွေပါဝင်လာတာက အတိုက်အခံအင်အားစုတွေက စီးပွားရေးနဲ့လူဦးရေအရ အဓိကကျတဲ့နေရာတွေကို ထိန်းချုပ်နိုင်ဖို့ ပိုမိုရှုပ်ထွေးတဲ့အားထုတ်မှုတွေလည်း ဖြစ်လာနိုင်တယ်လို့ ပြောခဲ့ပြန်ပါတယ်။ သိပ်မကြာသေးတဲ့ လတွေတုန်းကတော့ လူမျိုးစု လက်နက်ကိုင်အုပ်စုတွေက တိုက်ပွဲတွေမှာ အနိုင်ရခဲ့ပြီး အခုဆို နိုင်ငံရဲ့ထက်ဝက်ကိုသိမ်းထားနိုင်တယ်လို့လည်း သတင်းတွေကဆိုပါတယ်။ ဒီမှာ ဆင်ဆန်က တကယ်လို့များ မြန်မာနိုင်ငံမှာ လူမျိုးစုသူပုန်အဖွဲ့တွေ အာဏာရခဲ့ရင် သူတို့က လက်ရှိမြန်မာအစိုးရကို ထောက်ပံ့နေတဲ့ တရုတ်အစိုးရအပေါ် ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံမှုပြုကြမှာမဟုတ်ဘူးလို့ ဆိုပြန်ပါတယ်။
အိမ်နီးချင်း အိန္ဒိယနိုင်ငံကလည်း တရုတ်လုံခြုံရေးတပ်ဖွဲ့တွေဟာ တရုတ်နိုင်ငံရဲ့ ရေနံနဲ့ဓာတ်ငွေ့ပိုက်လိုင်း အကျိုးစီးပွားတွေကို ကာကွယ်ဖို့ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ကို ရောက်ရှိလာမှာကို စိုးရိမ်မှာပါပဲ။ ပြည်နယ်အတွင်း အိန္ဒိယရဲ့ ကုလားတန်မြစ်စီမံကိန်းကလည်း တိုက်ခိုက်မှုတွေအကြား နှောင့်နှေးနေရတာ အတော်ကြာပြီလို့ ဆင်ဆန်က ပြောခဲ့ပါသေးတယ်။ တစ်ခါ ဘင်္ဂလားဒေ့ရှ်ကလည်း သူတို့နိုင်ငံရဲ့အိမ်ပေါက်ဝနား တရုတ်လုံခြုံရေးတပ်ဖွဲ့တွေ ရောက်လာတာမျိုးလိုလားမှာမဟုတ်သလို ထိုင်းနိုင်ံငံကလည်း နှစ်သက်မှာမဟုတ်လို့ မြန်မာအစိုးရနဲ့ ဆွေးနွေးမှုတွေပြုနိုင်သလို ဥရောပသမဂ္ဂနဲ့အမေရိကန်တို့ကလည်း တရုတ်လုံခြုံရေးတပ်ဖွဲ့တွေ မြန်မာ့မြေပေါ်ခြေချလာတာကို ပြည်တွင်းပဋိပက္ခကို လက်မခံနိုင်ဖွယ် မြင့်တက်လာနိုင်မှုအဖြစ် အထူးအလေးထားကြမှာဖြစ်တယ်လို့ သူက ထင်မြင်ချက်ပေးခဲ့ပြန်ပါတယ်။
ဆင်ဆန်က “တရုတ်တပ်ဖွဲ့တွေက မြန်မာနိုင်ငံအတွင်း တိုက်ခိုက်မှုတွေမှာတော့ တိုက်ရိုက်ဝင်ပါမှာမဟုတ်ဘူး။ ဒါပေမယ့်သူတို့က လုံခြုံရေးတာဝန်တွေယူထားတော့ အစိုးရတပ်ဖွဲ့တွေက သူပုန်တွေကို ပိုတိုက်နိုင်တာပေါ့” လို့ ပြောသွားခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေးတက္ကသိုလ်က မြန်မာအရေးကျွမ်းကျင်သူ ဂျေဆန် တာဝါကတော့ “တရုတ်အစိုးရကလည်း ပဋိပက္ခဖြစ်ပွားနေတဲ့နေရာတွေမှာ တရုတ်နိုင်ငံရဲ့ စီမံကိန်းတွေအပေါ် လုံခြုံရေးပေးမှုညံ့ဖျင်းရင် ဒီစီမံကိန်းတွေ တစ်ခါတည်း ရပ်သွားနိုင်တာကို စိုးရိမ်နေပုံရတယ်။ ဒါပေမယ့် နိုင်ငံတွင်း လက်နက်ကိုင်အုပ်စုတွေနဲ့ ပဋိပက္ခဖြစ်နေချိန်မှာ တရုတ်နိုင်ငံရဲ့ စီမံကိန်းတွေပြန်စဖို့ တရုတ်လုံခြုံရေးတပ်တွေအဖို့လည်း စိန်ခေါ်မှုတွေရှိလိမ့်မယ်၊ သူပုန်အုပ်စုတွေအဖို့လည်း တရုတ်လုံခြုံရေးတပ်ဖွဲ့တွေကို မြန်မာ့တပ်မတော်ရဲ့ မဟာမိတ်အဖြစ်သဘောထားမှာပဲ”လို့ ပြောခဲ့ပါတယ်။
ဂျေဆန်က ဒီဖြစ်ရပ်က မြန်မာ့တပ်မတော်အနေနဲ့ လက်နက်ကိုင်အုပ်စုတွေနဲ့ တစ်ပြိုင်ထဲ ရင်ဆိုင်နေရပြီး လုံခြုံရေးအရအားနည်းနေချိန်မှာ တရုတ်အစိုးရကလည်း သူ့ရဲ့လုံခြုံရေးကုမ္ပဏီတွေ ပြည်ပမှာတိုးချဲ့ဖို့ မြန်မာနိုင်ငံကို စမ်းသပ်နယ်မြေတစ်ခုအနေနဲ့ အသုံးချတာပဲလို့ ပြောခဲ့ပါသေးတယ်။ လုံခြုံရေးတပ်ဖွဲ့တွေ အများအပြား ပို့ခဲ့မယ်ဆိုရင် တရုတ်အနေနဲ့ သူ့ရဲ့ ရပ်ဝန်းနဲ့ပိုးလမ်းမစီမံချက်ရဲ့ စီမံကိန်းတွေ အကောင်အထည်မဖော်နိုင်ဖြစ်နေတာကိုပြတာပဲလို့လည်း သူက ဆက်လက်ပြောသွားပါတယ်။
ဩစတြေးလျနိုင်ငံ၊ Curtin တက္ကသိုလ်က တွဲဖက်ပါမောက္ခ ထွေးထွေးသိန်းကလည်း တရုတ်လုံခြုံရေးတပ်တွေ မြန်မာ နိုင်ငံတွင်းမှာရှိနေတာက အတော်ကြာခဲ့ပြီဖြစ်ပြီး မကြာခင်က ဒီအတွက် အစိုးရအဆင့်သဘောတူညီချက်လက်မှတ်ရေးထိုးခဲ့ကြတာက အကြီးအကျယ် ရှုပ်ထွေးလာစေတယ်လို့ ပြောခဲ့ပါတယ်။ ပြည်ပရောက်မြန်မာလူမျိုးစု အုပ်စုတွေက တရုတ်နိုင်ငံရဲ့ ဒီလိုဆောင်ရွက်မှုကို မြန်မာပြည်တွင်းရေးမှာ စွက်ဖက်မှုအဖြစ် ဆန္ဒပြကြဖိုတောင် စီစဉ်နေတယ်လို့ဆိုပါတယ်လို့ နောက်ဆုံးပြောသွားခဲ့ပါတယ်။
Ref- SCMP