၂၈. ၁၁. ၂၀၂၄
Written by Nay Moe
မဲမသမာမှု မလုပ်ခင်ကာလ NLD အစိုးရတာဝန်ယူခဲ့ချိန် ၂၀၂၀ ရွေးကောက်ပွဲမှာ NLD ပါတီရဲ့ ရဝမ်တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် ရွေးကောက်ခံရသူဖြစ်သလို ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPF) ရဲ့ ဦးဆောင်ကော်မတီအဖွဲ့ဝင် (ဦး) ချန်းဆင်ဇီ(ခ)ချန်းဂျော်ရမ်ဟာ ရှေ့တန်းထွက်ချိန်မှာ သေဆုံးသွားခဲ့တယ်လို့ KPF တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
ကချင်ပြည်နယ်၊ အထူးဒေသ (၁) ကို နယ်မြေကျုးကျော်သိမ်းပိုက်မှုမှာ ပါဝင်တိုက်ခိုက်နေတဲ့ ချန်းဆင်ဇီဟာ ဆော့လော်မြို့နယ်၊ လန်ဆယ်ကျေးရွာတိုက်ခိုက်သိမ်းယူအပြီး နိုဝင်ဘာ ၂၇ ရက်ညမှာ သေဆုံးသွားတာဖြစ်ပြီး KPF ထုတ်ပြန်ချက်မှာတော့ တိုက်ပွဲမှာ ကျည်ထိသေဆုံးတယ်ဆိုတာ အပါအဝင် ဘာကြောင့်သေဆုံးတယ်လို့ ရေးသားဖော်ပြထားတာ မတွေ့ရပါဘူး။
ဒါပေမဲ့ KPF တပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ စောနွဲ့ခွန်ဆိုင်ခမ်းကတော့ ချန်းဆင်ဇီဟာ လန်ဆယ်ရွာသိမ်းပြီး လေးငါးရက်အကြာမှာ နာမကျန်းဖြစ်ခဲ့သလို ချီဖွေမြို့နယ်ဘက်ဆီကို ဆေးသွားကုပေမဲ့ မသက်သာတာကြောင့် ဌာနချုပ်ဆီ ဆေးသွားကုချိန် နိုဝင်ဘာ ၂၇ ရက် ည ၇ နာရီကျော်မှာ သေဆုံးသွားတာလို့ မီဒီယာအချို့ကို ဖြေဆိုထားပါတယ်။
သေဆုံးချိန်မှာ အသက် ၅၁ နှစ်သာရှိသေးတဲ့ ချန်းဆင်ဇီ(ခ) ချန်းဂျော်ရမ်ဟာ မဲမသမာမှုကြောင့် ဖျက်သိမ်းခံရတဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ NLD ကိုယ်စားပြု ရဝမ်ရေးရာဝန်ကြီးအဖြစ် အနိုင်ရရှိခဲ့ပြီး ၂၀၂၁ ခုနှစ်ဖြစ်စဥ်မှာ လက်နက်ကိုင်ခဲ့သလို Kagabu People’s Force – KPF မှာ ဦးဆောင်ကော်မတီဝင်၊ ကချင်ပြည်နယ်လွှတ်တော်ကိုယ်စားပြုကော်မတီ (CRKH) အဖွဲ့ဝင်၊ NLD ကချင်ပြည်နယ်သုတေသနအဖွဲ့ဝင်၊ ခေါင်လန်ဖူးမြို့နယ် NLD ပြန်ကြားရေးတာဝန်ခံ၊ ၂၀၁၀ ကနေ ၂၀၁၃ ခုနှစ်အတွင်း ဖားကန့်မြို့နယ်၊ ရဝမ်စာပေနှင့် ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ရဝမ်စာပေနှင့် ယဉ်ကျေးမှု ဗဟိုကော်မတီဝင်အဖြစ် တာဝန်ယူဆောင်ရွက်ခဲ့တယ်လို့လည်း ဒေသတွင်းသတင်းတွေအရ သိရပါတယ်။
ရဝမ်လူမျိုးတွေနဲ့ စုဖွဲ့ထားတဲ့ KPF ဟာ KIA ထံမှာ စစ်ပညာသင်ပြီး KIA လက်အောက်ခံတပ်အဖြစ်နဲ့ မြို့သိမ်းတိုက်ပွဲတွေမှာ ပါဝင်တိုက်ခိုက်နေပြီး ပူတာအိုနဲ့ ခါကာဘိုဒေသမှာ ကျက်စားနေတဲ့ လက်နက်ကိုင်အဖွဲ့ဖြစ်ပါတယ်။ (Photo – CJ)