◾ ပယ်ဖျက်ခံရသည့် ဂရန် မြေကွက်များမှာ အနည်းဆုံးကျပ်သိန်း ၃၀၀၀ ခန့်နှင့် ဧကကွက်ဆိုပါက ကျပ်သိန်းသောင်းချီ စျေးပေါက်သည့် မြို့နယ်များမှဖြစ်နေ၍ ကျပ်ဘီလျံဆယ်ချီတန်ကြေးရှိ မြေကွက်ပယ်ဖျက်မှုဖြစ်လာဟု သုံးသပ်
၂၈. ၁၁. ၂၀၂၄
Written by Tha Doe
NLD အစိုးရဟောင်းလက်ထက်က အာဏာသက်တမ်းမကုန်ဆုံးမီကာလက ထုတ်ပေးခဲ့သော ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်မှ ဂရန်မြေကွက် ၃၆ ကွက်ကို ပြန်လည်ပယ်ဖျက်လိုက်ကြောင်း နေပြည်တော်စည်ပင်သာယာရေးကော်မတီက ကြေညာထားသည်။
ပယ်ဖျက်ခံရသည့် ဂရန်မြေအများစုမှာ ဋ္ဌာနဆိုင်ရာအရာရှိများ နေထိုင်သည့်မြို့နယ်ဟု လူသိများသော ဥတ္တရသီရိမြို့နယ်မှ ဂရန်မြေကွက် ၂၈ ကွက်အထိ ပါဝင်ပြီး ဒက္ခိဏသီရိမြို့နယ်မှ ဂရန်မြေကွက် ၈ ကွက်ပါဝင်သည်။
ပယ်ဖျက်ခံရသည့် ဂရန်မြေကွက် ၃၆ ကွက်ကို NLD အစိုးရဟောင်းလက်ထက် အာဏာသက်တမ်းမကုန်ဆုံးမီ ၂၀၁၉ – ၂၀၂၀ ဘဏ္ဍာနှစ်အတွင်းနှင့် ၂၀၂၀ – ၂၀၂၁ ဘဏ္ဍာနှစ်အတွင်းက တက်သုတ်ရိုက် ထုတ်ပေးခဲ့ကြပြီး ဂရန်မြေကွက် ၁၆ ကွက်ကိုမူ တပ်မတော်က မဲစာရင်းစစ်နေသည့်ကာလဖြစ်သော ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၃၀ ရက်တစ်ရက်တည်းဖြင့် ထုတ်ပေးထားသည်။
အဆိုပါ ပယ်ဖျက်လိုက်သော မြေကွက်များ၏ အကျယ်အဝန်းမပါဝင်သော်လည်း လက်ရှိကာလ ဥတ္တရသီရိနှင့် ဒက္ခိဏသီရိမြို့နယ်တို့၏ ဂရန်မြေကွက်စျေးများ၏ တန်ဖိုးမှာ အကျယ်အဝန်းနှင့် အချက်အခြာကျမှုအလိုက် အနိမ့်ဆုံး ကျပ်သိန်း ၃၀၀၀ ခန့်မှ ဧကကွက်များမှာ ကျပ်သိန်း သောင်းချီ ရှိနေခြင်းနှင့် အာဏာသက်တမ်းမကုန်ဆုံးမီ တက်သုတ်ရိုက်ထုတ်ပေးခဲ့သော ဂရန်မြေကွက်များဖြစ်နေခြင်းကြောင့် ကျပ်ဘီလျံဆယ်ချီ ဂရန်မြေကွက်ပယ်ဖျက်မှုလည်း ဖြစ်လာခဲ့သည်ဟု နေပြည်တော် အိမ်ခြံမြေအသိုင်းအဝိုင်းကလည်း သုံးသပ်ပြီး NLD အစိုးရဟောင်းသက်တမ်းအတွင်းထုတ်ပေးခဲ့သော ဂရန်မြေကွက်များ၏ စျေးကွက်ဆွဲဆောင်နိုင်မှုလည်း ကျဆင်းလာဖွယ်ရှိနေသည်။
လူမှုကွန်ရက်တွင် MT News မြင်တွေ့ရသည့် အိမ်ခြံမြေကြော်ငြာတစ်ခု၌ တစ်ဧကမပြည့်သော ဒက္ခိဏသီရိမြို့နယ်မှ နှစ်ထပ်တိုက်အကြမ်းထည်သာပါပြီး ပေ ၂၀၀ ပတ်လည်သာရှိသော မြေကွက်မှာ ကျပ်သိန်းပေါင်း ၃၂၀၀၀ အထိ ခေါ်စျေးရှိနေသည်။ ထို့အတူ ဥတ္တရသီရိမြို့နယ်၊ ရွှေသဇင်စျေးအနီးမှ တစ်ထပ်တိုက်ပါဝင်သော အသင့်နေ ပေ ၁၀၀ ပတ်လည်ခြံကိုလည်း ကျပ်သိန်း ၁၆၅၀၀ စျေးခေါ်ထားသည်ကို တွေ့ရသည်။
နေပြည်တော်စည်ပင်သာယာရေးကော်မတီကမူ ပြည် ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း လူနေထိုင်ရန်အတွက် မြေနေရာ ချထားပေးခဲ့သော မြေကွက်အမှတ်များ(၃၆) ကွက်အား နေရာချထားစာရင်းမှ ပယ်ဖျက်၍ နေပြည်တော်စည်ပင်သာယာရေးကော်မတီက စီမံခန့်ခွဲခွင့်ရှိသည့် မြေအဖြစ် ပြန်လည်သတ်မှတ်ပြီးဖြစ်ပါသဖြင့် အဆိုပါ မြေကွက်များအတွက် ထုတ်ပေးထားသော နှစ်(၃၀)မြေငှားစာချုပ်(ဂရန်)များကို ပယ်ဖျက်ပြီး ဖြစ်ကြောင်းနှင့် ဤကြေညာချက်ပါရှိသည့် နေ့ရက်မှစ၍ ပေးသွင်းထားသော မြေကွက်တန်ဖိုးငွေများအား နေပြည်တော်စည်ပင်သာယာရေးကော်မတီသို့ လာရောက်ဆက်သွယ် ထုတ်ယူနိုင်ပါကြောင်း အများသိစေရန် အသိပေးကြေညာအပ်ပါသည်ဟု ဖော်ပြထားသည်။
NLD အစိုးရဟောင်းလက်ထက် နေပြည်တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ၊ နေပြည်တော် မြို့တော်ဝန် အဖြစ် NLD ပါတီမှ ဒေါက်တာမျိုးအောင်၊နေပြည်တော် ဒုတိယမြို့တော်ဝန်အဖြစ်နှင့် နေပြည် တော်စည်ပင်သာယာ ရေး ကော်မတီ၏ ဒုတိယ ဥက္ကဋ္ဌအဖြစ် ဦးရဲမင်းဦးတို့ တာဝန်ယူခဲ့ပြီး ဦးရဲမင်းဦးသည် ၂၀၁၉ ခုနှစ် ဇွန်လ ၂၅ ရက်နေ့မှ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့နောက် ၂၀၂၁ ခုနှစ် ရွေးကောက်ပွဲမသမာမှုဖြစ်စဥ်များနောက်တွင် နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ဒေါက်တာမျိုးအောင်၊ ဦးရဲမင်းဦး၊ ကော်မတီဝင်(ဟောင်း) ဦးမင်းသူ နှင့် ဒေါ်စပယ်ထွေးတို့ကို ဒက္ခိဏသီရိ စီးပွားရေးဇုန်အတွင်းမှ မြေ ၇၅ ဧကနီးပါးခန့်ရှိသော မြေ ၄၄ ကွက်ကို ကုမ္ပဏီနှင့် လူပုဂ္ဂိုလ် ၁၉ ဦးအား တစ်ဧက ငွေကျပ် သိန်း ၅၀၀ နှုန်းဖြင့် မြေနေရာချထားပေးရာ၌ နေပြည်တော် စည်ပင်သာယာ ရေး ဥပဒေပုဒ်မ ၂၉ ပါ ပြဋ္ဌာန်းချက်အား ဖောက်ဖျက်လျက် နိုင်ငံတော်သမ္မတရုံးသို့ တင်ပြခွင့်ပြုချက် ရယူခြင်းမရှိဘဲ နေပြည်တော် စည်ပင်သာယာရေးကော်မတီ၊ စီမံခန့်ခွဲမှု အစည်းအဝေးများဖြင့်သာ ဆုံးဖြတ်၍ ခွင့်ပြုပေးခဲ့သဖြင့် နိုင်ငံတော်အနေဖြင့် ငွေကျပ်သိန်း ၁၄၉၅၂၀ ခန့် ဆုံးရှုံးနစ်နာခဲ့ကြောင်းတို့ကို စစ်ဆေးပေါ်ပေါက်ခဲ့သည့် အဂတိမှုအပါအဝင် အဂတိမှုများဖြင့် စစ်ဆေးအရေးယူအပြစ်ပေးခဲ့သည်။