◾ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေမှာ ပါဝင်လုပ်ကိုင်နေကြတဲ့ နိုင်ငံခြားသားတွေကိုလည်း ဥပဒေနဲ့အညီ ပြည်နှင်ဒဏ်ပေးမယ်
၂၈.၁၁.၂ဝ၂၄
Written by K Pyay Thein
မြန်မာနဲ့ တရုတ်နှစ်နိုင်ငံ ပူးပေါင်းပြီး အွန်လိုင်းကျားဖြန့်လုပ်ငန်းတွေကို ထိထိရောက်ရောက်တားဆီးနှိမ်နင်းနေပြီး အွန်လိုင်းကနေတစ်ဆင့် လိမ်လည်မှုလုပ်ငန်းတွေမှာ ပါဝင်လုပ်ကိုင်နေကြတဲ့ နိုင်ငံခြားသားတွေကိုလည်း နှစ်နိုင်ငံချစ်ကြည်ရေးအရ ဥပဒေလုပ်ထုံးလုပ်နည်းတွေနဲ့ ပြည်နှင်ဒဏ်ပေးသွားမယ်လို့ ပြည်နှင်လွှဲပြောင်းမှုကြီးကြပ်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်တိုးရီက ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံအတွင်း တရားမ၀င် ၀င်ရောက်လာပြီး အွန်လိုင်းကနေတစ်ဆင့် လိမ်လည်မှုလုပ်ငန်းတွေမှာ လုပ်ကိုင်နေကြတဲ့ နိုင်ငံခြားသားတွေကို နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု၊ လူသားချင်းစာနာထောက်ထားမှုတို့အပေါ် အခြေခံပြီးတော့ ဥပဒေလုပ်ထုံး၊ လုပ်နည်းတွေနဲ့အညီ သက်ဆိုင်ရာနိုင်ငံတွေကို အမြန်ဆုံး လွှဲပြောင်းပေးနိုင်ရေး စိစစ်ဆောင်ရွက်နေတယ်လို့လည်း ဗိုလ်ချုပ်တိုးရီ ပြောပါတယ်။
ဒါ့အပြင် Online Scam Center လုပ်ငန်းတွေမှာ ပါ၀င်ပတ်သက်နေသူတွေနဲ့ နောက်ကွယ်ကနေ ကြိုးကိုင်နေတဲ့ နိုင်ငံခြားသားတွေကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန်အရေးယူနိုင်ဖို့ကိုလည်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။
အလားတူ မြန်မာနိုင်ငံအတွင်း တရားမ၀င် ဝင်ရောက်လာတဲ့ နိုင်ငံခြားသားတွေကို ဥပဒေနဲ့အညီ အမြန်ဆုံးအရေးယူ ပြည်နှင်လွှဲပြောင်းပေးဖို့ မြန်မာနိုင်ငံဆိုင်ရာနိုင်ငံခြားသံရုံးက သံရုံးအကြီးအကဲ၊ သံတမန်တွေနဲ့ တွေ့ဆုံဆွေးနွေးမှုတစ်ရပ်ကိုလည်း နိုဝင်ဘာလ ၂၇ ရက်နေ့က နေပြည်တော်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချူပ်မှာ ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။
အဲ့ဒီတွေ့ဆုံဆွေးနွေးမှုမှာ နိုင်ငံခြားသားတွေကို ရှာဖွေကူညီကယ်တင်ခြင်းတွေနဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ပြည်နှင် လွှဲပြောင်းခြင်းတို့ကိုဆောင်ရွက်ရာမှာ ရင်ဆိုင်ကြုံတွေ့နေရတဲ့အခက်အခဲတွေ ဖြေရှင်းဆောင်ရွက်နိုင်မယ့်နည်းလမ်းတွေကိုလည်း နိုင်ငံခြားသံရုံးက သံရုံးအကြီးအကဲ၊ သံတမန်တွေနဲ့ ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
ပြည်ထဲရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်မှုတွေအရ ၂၀၂၂ ခုနှစ်၊ ဇန်န၀ါရီ ၁ ရက်နေ့မှ ၂၀၂၄ ခုနှစ် နို၀င်ဘာလ ၂၂ ရက်နေ့အထိ မြန်မာနိုင်ငံအတွင်းမှာ အခက်အခဲကြုံနေရတဲ့ နိုင်ငံခြားသားစုစုပေါင်း ၁၂၄၂ ဦးကို ရှာဖွေကူညီကယ်တင်ပေးခဲ့ပြီး သူတို့ကိုလုပ်ထုံးလုပ်နည်းနဲ့အညီ သက်ဆိုင်ရာနိုင်ငံတွေကို ပြည်နှင်လွှဲပြောင်းပေးနေတယ်လို့လည်း သိရှိရပါတယ်။