◾️ တစ်ဧကအထွက်နှုန်း တိုးလာအောင်ပြုလုပ်ပြီး မြန်မာ့ဆန်ဈေးကျဆင်းစေရန် လုပ်ဆောင်ရာတွင်လည်း စိန်ခေါ်မှုများရှိနေ
၂၈. ၁၁. ၂၀၂၄
Written by Nyein Kyaw
ပါကစ္စတန်နိုင်ငံနှင့် ဈေးနှုန်းယှဉ်မရောင်းနိုင်သဖြင့် မြန်မာနိုင်ငံမှ ဆန်/ဆန်ကွဲကို ယခင်က အများဆုံးဝယ်ယူခဲ့သည့် တရုတ်နိုင်ငံသို့ တင်ပို့မှုလျော့ကျခဲ့သော်လည်း ဥရောပဈေးကွက်သို့ ဈေးကွက်ထိုးဖောက်တင်ပို့နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) မှ သိရသည်။
“ကျွန်တော်တို့နိုင်ငံက ဆန်/ဆန်ကွဲကို အများဆုံးဝယ်တာက ဥရောပနိုင်ငံတွေနဲ့ အင်ဒိုနီးရှားနိုင်ငံဖြစ်ပါတယ်။ တရုတ်နိုင်ငံကလည်း ဝယ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့က ပါကစ္စတန်ကို ဈေးယှဉ်မရောင်းနိုင်ဘူး။ တရုတ်က များသောအားဖြင့် ပါကစ္စတန်က ဝယ်တာများပါတယ်။ အိန္ဒိယက တင်သွင်းတာများလာတယ်” ဟု MRF ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောသည်။
ဆန်တင်ပို့နေသည့် ထိုင်း၊ အိန္ဒိယ၊ ပါကစ္စတန်၊ ဗီယက်နမ်အပါအဝင် အခြားသော နိုင်ငံများအနေဖြင့် တစ်ဧက အထွက်နှုန်းတိုးအောင်ပြုလုပ်ကာ ဈေးနှုန်းကျအောင် ဆောင်ရွက်နေခြင်းကြောင့် ဆန်/ဆန်ကွဲတင်ပို့ရာတွင် ဈေးနှုန်းသက်သာမှုရှိကြောင်း သိရသည်။ သို့သော်လည်း မြန်မာနိုင်ငံတွင် တစ်ဧကအထွက်အနှုန်း တိုးတက်လာစေရန် ဆောင်ရွက်ရာတွင် အခက်အခဲများရှိနေသးကြောင်း သိရသည်။
“ကုန်ထုတ်လမ်းတွေက အစပေါ့။ ကျန်တဲ့မျိုးစေ့တို့၊ ဓာတ်မြေဩဇာတို့ ခဏထားလိုက်ဦး၊ စိုက်နည်းစနစ်တွေ၊ မြေတွေပျက်နေတာကအစပေါ့။ နိုင်ငံတည်ငြိမ်ရေးနဲ့ နိုင်ငံရဲ့ နိုင်ငံရေးခြေအနေ၊ ဖွံ့ဖြိုးရေးအခြေအနေကောင်းမှ ဒါတွေလုပ်နိုင်မှာပေါ့နော်။ လတ်တလောမှာ ဒါတွေတော့မရှိဘူး။ မြေကြီးကပေးတဲ့ တောင်သူတွေရဲ့အားထုတ်မှုနဲ့ ဈေးကွက်က ဖန်တီးပေးတဲ့ အခွင့်အလမ်းလေးနဲ့ပေါ့နော်။ ဒီသုံးခုလောက်ကို ပေါင်းစပ်ပြီး ရပ်တည်ဆောက်ရွက်နေရတဲ့ အနေအထားဖြစ်ပါတယ်” ဟု ဦးရဲမင်းအောင်က ပြောသည်။
ထို့ပြင် အာဖရိကဈေးကွက်သို့ ဈေးကွက်အသစ်များ ရှာဖွေတင်ပို့မှုများရှိခဲ့သော်လည်း အိန္ဒိယနိုင်ငံနှင့် ယှဉ်မရောင်းနိုင်သဖြင့် ဈေးကွက်ရရှိမှုနည်းနေသေး၍ မြန်မာနိုင်ငံအနေဖြင့် တစ်နှစ်လျှင် ဆန်/ဆန်ကွဲတန်ချိန် ၂ ဒသမ ၅ သန်းခန့်သာ တင်ပို့နေရခြင်းဖြစ်ကြောင်း ဦးရဲမင်းအောင်က ပြောသည်။
ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဧပြီလမှ အောက်တိုဘာလအထိ ခုနစ်လအတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် ၁ ဒသမ ၃၆၂ သန်း တင်ပို့ထားပြီး ဝင်ငွေဒေါ်လာ ၆၄၇ သန်းရရှိထားသည်။ အဆိုပါပမာဏသည် ယခုဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတင်ပို့ရန် လျာထားချက်၏ ၅၄ ရာခိုင်နှုန်းကျော်အထိ တင်ပို့ထားနိုင်ခဲ့ခြင်းဖြစ်သည်။