◾️ SAC စတင်တာဝန်ယူစဉ် လွှတ်တော်ကိုယ်စားလှယ်များကို တရားဥပဒေနှင့်အညီ ရင်ဆိုင်ဖြေရှင်းရန် ရှင်းလင်းပြောဆိုခဲ့သော်လည်း အကြမ်းဖက်မှုလမ်းစဉ်ကို ရွေးခြယ်ခဲ့ကြခြင်းမှာ ကြီးမားသည့်၊ မှားယွင်းသည့် အမည်းစက်ဖြစ်ဟု ပြော
၇. ၁. ၂၀၂၃
Written by Nay Moe
၂၀၂၃ ခုနှစ် အထွေထွေရွေးကောက်ပွဲအတွက် လိုအပ်ပါက ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူရန်နှင့် ရွေးကောက်ပွဲကျင်းပချိန် မဲပေးခြင်း၊ မပေးခြင်းမှာလည်း လူတစ်ဦးချင်းဆန္ဒသာဖြစ်ကြောင်း SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလနှင့် ဩဂုတ်လအတွင်း ကျင်းပဖွယ်ရှိသည့် ရွေးကောက်ပွဲနှင့်ပတ်သက်၍ ၂၀၂၀ ပြည့်နှစ်တွင် ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုများကို သင်ခန်းစာယူပြီး မဲစာရင်းများ မှန်ကန်မှုရှိအောင် ဆောင်ရွက်ရမည်ဖြစ်ကာ ၂၀၁၅ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် မဲစာရင်းသည် ၂၀၁၄ ခုနှစ်တွင် ကောက်ယူ ရရှိခဲ့သည့် သန်းခေါင်းစာရင်းအပေါ် မူတည်၍ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည့်အတွက် စာရင်းဇယားတိကျမှုရှိခဲ့သဖြင့် လာမည့်ရွေးကောက်ပွဲတွင်လည်း စာရင်းဇယား မှန်ကန်စေရေးသည် အဓိကဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။ ထို့ကြောင့် စာရင်းဇယားများ မှန်ကန်မှု ရှိစေရေး ယခုအချိန်ကတည်းကပင်ဆောင်ရွက်ရမည်ဖြစ်ပြီး လိုအပ်ပါက ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူ၍ စာရင်းဇယားများတိကျမှန်ကန်မှုရှိစေရန် ဆောင်ရွက်သွားရမည်ဟု ဆိုသည်။
ရွေးကောက်ပွဲကျင်းပချိန်တွင် မဲပေးခြင်း မပေးခြင်းသည် လူတစ်ဦးချင်း၏ ဆန္ဒဖြစ်ပြီး လူတိုင်းမဲပေးနိုင်အောင် ပြုလုပ်ပေးခြင်းသည် အစိုးရ၏တာဝန်ပင် ဖြစ်ကာ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့မိန့်ခွန်းတွင် ပြောကြားခဲ့သည့် အတိုင်း ပြည်သူများအနေဖြင့် ခြိမ်းခြောက်မှု၊ အကြပ်ကိုင်မှု၊ ဖိအားပေးမှုကင်းရှင်းစွာဖြင့် တစ်ဦးချင်း၏ဆန္ဒကို ဖော်ထုတ်မဲပေးနိုင်ရမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကို မှတ်ကျောက်တင်ခံရသည့် ရွေးကောက်ပွဲတစ်ခုဖြစ်စေရေး မိမိတို့အနေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့်လည်း မဲစာရင်းများတိကျမှန်ကန်ရေး၊ လူတိုင်းမဲပေးနိုင်ရေးဆောင်ရွက်သွားရန်လိုကြောင်းလည်း SAC ဥက္ကဋ္ဌက ဆိုသည်။
ထို့ပြင် ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲ၌ မဲမသမာမှုများဖြစ်ပေါ်ခဲ့ခြင်းသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီဖွံ့ဖြိုးဆဲ အခြေအနေကို အညွန့်ချိုးခဲ့ခြင်းဖြစ်ပြီး နိုင်ငံ၏သမိုင်းတွင်လည်း အဆိုပါရွေးကောက်ပွဲ မဲမသမာမှုသည် အမည်းစက်တစ်ခုအဖြစ် ကျန်ခဲ့ပြီဖြစ်ကာ ထိုကဲ့သို့သော အခြေအနေမျိုး ထပ်မံဖြစ်ပွားမှုမရှိစေရေး ဆောင်ရွက်ရန် လိုအပ်မည်ဟု SAC ဥက္ကဋ္ဌ ပြောကြားသည်။
SAC အစိုးရအဖွဲ့အနေဖြင့် နိုင်ငံရေးရည်မှန်းချက်နှစ်ရပ်ကို မဖြစ်မနေ အကောင်အထည် ဖော်နိုင်ရေးအတွက် နိုင်ငံတော်ကို ပုံမှန်အခြေအနေအတိုင်း ပြန်လည်ရောက်ရှိအောင် ဖော်ဆောင်ရမည်ဖြစ်သည်။ ပုံမှန်အခြေအနေဟုဆိုရာတွင် ၂၀၁၁ ခုနှစ် နိုင်ငံတော်၏ ပုံမှန်အခြေအနေ၊ ၂၀၁၆ ခုနှစ် နိုင်ငံတော်၏ ပုံမှန်အခြေအနေများနှင့် ယင်းအခြေအနေများထက် မနိမ့်သည့်အဆင့်နှင့် ဖြစ်နိုင်ပါက သာလွန်သည့် တိုင်းပြည်၏အခြေအနေကို ဖော်ဆောင်ပေးနိုင်ရမည်ဖြစ်သည်။ ထိုသို့ ဆောင်ရွက်ပေးနိုင်မှသာလျှင် နိုင်ငံတော်ကိုအာမခံချက်ပေးနိုင်မည်ဖြစ်သည့်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် တိုင်းဥက္ကဋ္ဌများအနေဖြင့် မလျှော့သော ဇွဲလုံလဖြင့်ရရှိသည့် ကာလအတွင်းကြိုးစား၍ တိုးမြှင့်ဆောင်ရွက်ကြရန်လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မှာကြားသည်။
၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်နှင့်ပတ်သက်၍ မဲစာရင်းများ အကြိမ်ကြိမ်ပြောင်းလဲလျက်ရှိသည်ကို တွေ့ရှိရမည် ဖြစ်ပြီး နောက်ဆုံးမဲစာရင်းသည် ၃၈ သန်းနှင့် ၂ သိန်း ၇ သောင်းဟူ၍ ထွက်လာခဲ့သည်။ ၂၀၁၅ ခုနှစ် မဲစာရင်းအပေါ်မူတည်ပြီး တွက်ချက်ကြည့်မည်ဆိုပါက မိမိတို့ နိုင်ငံ၏ လူဦးရေနှင့် ၂၀၂၀ ပြည့်နှစ်တွင်တိုးတက်လာသည့် လူဦးရေတိုးတက်မှုနှုန်းမှာ ဖြစ်နိုင်ဖွယ်ရာ အနေအထားတွင် မရှိသည်ကို တွေ့ရမည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ လူဦးရေတိုးတက်မှုနှုန်းသည် ပျမ်းမျှအားဖြင့် ဒသမ ၈၅ ခန့်သာရှိသည့်အတွက် လူဦးရေတိုးတက်မှုနှုန်းသည် မည်သို့မျှဖြစ်နိုင်ဖွယ်မရှိသည်ကို တွေ့ရှိရသည်။
SAC အစိုးရ စတင်တာဝန်ယူစဉ် နေပြည်တော်စည်ပင်ရိပ်သာရှိ လွှတ်တော်ကိုယ်စားလှယ်များကို တာဝန်ရှိသူများက သွားရောက်တွေ့ဆုံခဲ့ပြီး တရားဥပဒေနှင့်အညီ ရင်ဆိုင်ဖြေရှင်းရန် ရှင်းလင်းပြောဆိုခဲ့သည်။ သို့သော်လည်း ၎င်းတို့အနေဖြင့် တရားဥပဒေနှင့်အညီ ရင်ဆိုင်ဖြေရှင်းခြင်းမရှိဘဲ အကြမ်းဖက်မှုလမ်းစဉ်ကိုရွေးခြယ်ခဲ့ခြင်းမှာလည်း ကြီးမားသည့်၊ မှားယွင်းသည့် အမည်းစက်တစ်ခုပင်ဖြစ်ပြီး ဒီမိုကရေစီတွင် တရားဥပဒေနှင့်အညီသာ ဖြေရှင်းဆောင်ရွက်ရမည်ဖြစ်သည်။
ထိုသို့ တရားဥပဒေနှင့်အညီဖြေရှင်းမှုမရှိသဖြင့် မဲမသမာမှု ဆောင်ရွက်ခဲ့သည့် အမည်းစက်တစ်ခုဖြစ်ပေါ်ခဲ့သည့်အပြင် ဒီမိုကရေစီတွင် ဥပဒေနှင့် ရင်ဆိုင်ဖြေရှင်းရမည်ကို ဥပဒေပြင်ပမှ ဆောင်ရွက်ခဲ့ခြင်းကြောင့် အကြမ်းဖက်မှုဖြစ်စဉ် ဖြစ်ရပ်များ ဖြစ်ပေါ်လာခဲ့ပြီး မိမိတို့အနေဖြင့် တရားဥပဒေနှင့်အညီ ဖြစ်အောင် တတ်နိုင်သရွေ့ ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ်ဖြေရှင်း ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုကဲ့သို့သော ဖြစ်စဉ်ဖြစ်ရပ်များအပေါ် တာဝန်ရှိသူများ၊ ဝန်ကြီးချုပ်များ အနေဖြင့် သိရှိနိုင်ရန်၊ စဉ်းစား ဆင်ခြင်နိုင်ရန်၊ သင်ခန်းစာရယူနိုင်ရန်နှင့် ဖော်ထုတ်ချက်များကို သုံးသပ် ဆောင်ရွက်ကြစေလိုကြောင်းလည်း SAC ဥက္ကဋ္ဌက ပြောကြားသည်။