၂၈. ၁၁. ၂၀၂၄
Written by Thettant
၂၀၂၄ ခုနှစ်၊ နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲကို အောင်မြင်စွာကျင်းပပြီးစီးခဲ့ပြီဖြစ်ပြီး ပြပွဲအတွင်းပုလဲအတွဲပေါင်း ၂၈၀ တွဲ၊ ကျောက်မျက်အတွဲပေါင်း ၁၆၀ နှင့် ကျောက်စိမ်းအတွဲပေါင်း ၄၈၀၀ တို့ကို ပြည်တွင်းပြည်ပရတနာ ကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် အမေရိကန်ဒေါ်လာ၊ ယူရိုငွေ၊ ယွမ်ငွေ၊ ထိုင်းဘတ်ငွေ၊ မြန်မာကျပ်ငွေနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က လက်ခံသည့် နိုင်ငံခြားငွေအမျိုးအစားများဖြင့် စည်းမျည်းစည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ရောင်းချပေးရန် လုပ်ဆောင်ခဲ့ရာ ပုလဲ၊ ကျောက်မျက်နှင့် ကျောက်စိမ်းအတွဲပေါင်း ၄၂၃၆ တွဲ ရောင်းချနိုင်ခဲ့သည်။
၂၀၂၄ ခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက် ရတနာပြပွဲကို နေပြည်တော်ရှိ၊ မဏိရတနာကျောက်စိမ်းခန်းမ၌ နိုဝင်ဘာ ၁၈ ရက်မှ ၂၇ ရက်အထိ ကျင်းပခဲ့ခြင်းဖြစ်ပြီး ပြပွဲတွင် ပုလဲအတွဲပေါင်း ၂၈၀ အနက်မှ ပုလဲအတွဲပေါင်း ၂၀၈ တွဲကိုလည်းကောင်း၊ ကျောက်မျက် အတွဲပေါင်း ၁၆၀ အနက်မှ ကျောက်မျက်အတွဲပေါင်း ၆၂ တွဲကိုလည်း ကောင်း၊ အုပ်စု(အေနှင့် ဘီ)တို့မှ ကျောက်စိမ်းအတွဲပေါင်း ၂၅၅၉ တွဲ အနက်မှ ကျောက်စိမ်းအတွဲပေါင်း ၁၈၂၃ တွဲကိုလည်းကောင်း၊ အုပ်စု(စီ) မှ ကျောက်စိမ်းအတွဲပေါင်း ၂၂၄၁ တွဲအနက်မှ ကျောက်စိမ်းအတွဲပေါင်း ၂၁၄၃ တွဲကိုလည်းကောင်း ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးနိုင်ခဲ့သည်ဟု သိရသည်။
၂၀၂၄ ခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နိုင်ငံတော် အတွက် နိုင်ငံခြားဝင်ငွေရရှိရန်၊ နိုင်ငံသားများအတွက် စီးပွားရေး အကျိုးဖြစ်ထွန်းမှုများ ရရှိစေရန်၊ စစ်ကိုင်းမြို့နှင့် မန္တလေးမြို့တို့ရှိ ကျောက်စိမ်းအချောထည်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော MSME လုပ်ငန်းများအတွက် ကုန်ကြမ်းရရှိစေရန် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီ၏ စီစဉ်မှုဖြင့် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။