MT News
၂၈. ၁၁. ၂၀၂၄
ထိုင်းနယ်စပ်ကုန်သွယ်မှုကို ကမ်းရိုးတန်းဆိပ်ကမ်းမှ ကွန်တိန်နာဖြင့် ကုန်သွယ်မှုစတင်သည့် လေးလအတွင်း MIP နှင့် TMT ဆိပ်ကမ်းနှစ်ခုမှ ဒေါ်လာ သန်း ၆၀ ဖိုးခန့် တင်ပို့နိုင်ခဲ့သည်ဟု သိရသည်။
နယ်စပ်ကုန်သွယ်မှု နည်းလမ်း(Border Trade Method) ဖြင့် ရန်ကုန် – ကော့သောင်း – ရနောင်းနှင့် ရနောင်း – ကော့သောင်း – ရန်ကုန်သို့ ကွန်တိန်နာစနစ်ဖြင့် တင်ပို့/တင်သွင်းခြင်းအား မြန်မာ့စက်မှုဆိပ်ကမ်း (MIP) နှင့် The Myanmar Terminal (TMT) ဆိပ်ကမ်းများတွင် ၂၀၂၄ ခုနှစ် ဇွန်လမှ စတင်ဆောင်ရွက်ခဲ့ရာ တင်ပို့မှုနှင့် တင်သွင်းမှုများ ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ အဆိုပါ ယာယီအပြည်ပြည်ဆိုင်ရာ ကုန်တင်/ ကုန်ချဆိပ်ကမ်းများတွင် ၂၀၂၄ ခုနှစ် အောက်တိုဘာလအထိ တန်ဖိုး အမေရိကန်ဒေါ်လာ ၅၉ ဒသမ ၉၉၆ သန်း တင်ပို့နိုင်ခဲ့ကြောင်းနှင့် ရေချိုငါးတင်ပို့နိုင်မှု အနေဖြင့် အောင်မင်္ဂလာဆိပ်ကမ်းမှ ၂၀၂၄ ခုနှစ် မတ်လမှစ၍ ပို့ကုန်သင်္ဘော ၁၇ စင်း၊ ရေချိုငါး ၁၇၆၇ ဒသမ ၈၂၉ တန် တင်ပို့နိုင်ခဲ့ကြောင်းကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီ (၄ /၂၀၂၄) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံး၌ ကျင်းပချိန် ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန် စေရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယ ဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး တက်ရောက် အမှာစကားပြောကြားစဥ် ထည့်သွင်းပြောကြားခဲ့သည်။
ထို့အတူ ပို့ကုန်အတွက် ဆိပ်ကမ်းများတွင် ကုန်သေတ္တာ လုံလောက်မှုရှိစေရန် အကောက်ခွန်ဦးစီးဌာန၏ ကုန်လှောင်ရုံ ဆိုင်ရာလုပ်ထုံးလုပ်နည်းနှင့်အညီ ခွင့်ပြု ပေးခဲ့ရာ ၂၀၂၄ ခုနှစ် မတ်လမှ နိုဝင်ဘာလအထိ သက်ဆိုင်ရာ Bonded Terminal များမှ ကုန်သေတ္တာ စုစုပေါင်း ၂၇၉၉ လုံး ပြန်လည်ထုတ်ပေးနိုင်ခဲ့သလို ၂၀၂၄ ခုနှစ် မတ်လမှ အောက်တိုဘာလအထိ ဆိပ်ကမ်း၊ ကုန်းတွင်း ကုန်သေတ္တာစခန်းတို့မှ စုစုပေါင်းကုန်သေတ္တာ ၁၉၁၃၈၇ လုံး ထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။