၂၇.၁၁.၂၀၂၄
Written By Zun
ထိုင်းနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း အရက်သောက်စားပြီး မူးယစ်ရန်ဖြစ်နေသည့် သတင်းအရ သွား ရောက်စစ်ဆေးစဉ် မြန်မာအလုပ်သမား ၁၁၀ ဦး ဖမ်းဆီးခံလိုက်ရကြောင်း ထိုင်းဒေသတွင်း သတင်းများတွင် ဖော်ပြထားသည်။
နိုဝင်ဘာလ ၂၆ ရက် နံနက် ၁၁ နာရီအချိန်ခန့်က ချွန်ဘူရီခရိုင်၊ နွန်ယိုင်မြို့နယ်၊ အမှတ်(၄) ၊ ဟန့်ဆွန်းမြို့နယ် ကျေးရွာအုပ်စုရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုအတွင်း အရက်သောက်ထားသည့် အလုပ်သမား နှစ်ဦး အရက်ထိုင်သောက်ရာမှ ရန်ဖြစ်နေကြောင်း သတင်းပေးတိုင်တန်းချက်အရ နွန်ယိုင်မြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး Krit Masuk နှင့် ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးစဉ် အထက်ပါအတိုင်း အဖမ်းခံရခြင်းလည်း ဖြစ်သည်။
အဖမ်းခံရသူ ၁၁၀ ဦးကို နွန်ယိုင်ရဲစခန်းသို့ခေါ်ယူသွားကာ စစ်ဆေးစဉ် ၈၅ ဦးမှာ တရားမဝင်အလုပ်သမားများဖြစ်ပြီး ကျန် ၂၅ ဦးမှာ နိုင်ငံကူးလက်မှတ်သာရှိပြီး အခြားစာရွက်စာတမ်းများ မပါရှိကြောင်း၊ ယင်းကြောင့် ထိုင်း ရဲတပ်ဖွဲ့က ထပ်မံစစ်ဆေးနေကြောင်း သိရသည်။
အဆိုပါ အဖမ်းခံရသူများမှာ ထိုင်းနိုင်ငံအတွင်း အလုပ်လာရောက်လုပ်ကိုင်နိုင်ရန် တစ်ဦးလျှင် ပွဲစားခ ဘတ် ၁၇၀၀၀ ပေးဆောင်ကာ မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ ရောက်ရှိသည် မှာ နှစ်ရက်သာ ရှိသေးကြောင်း၊ ယင်း ဆောက်လုပ်ရေး ဆိုက်အတွင်း အလုပ်လုပ်ရန် စောင့်ဆိုင်းနေကြသူများ ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် အဖမ်းခံရသူများအား ထိုင်းဥပဒေအရ အရေးယူဆောင်ရွက်ကာ ထိုင်းရဲတပ်ဖွဲ့လုပ်ငန်းစဉ်ပြီး သည်နှင့် မြန်မာနိုင်ငံသို့ ပြန်ပို့မည် ဖြစ်ကြောင်း၊ စက်ရုံလုပ်ငန်းကန်ထရိုက်တာကိုလည်း စစ်ဆေးခဲ့ကြောင်း သိရသည်။ ထိုင်းနိုင်ငံတွင် တရားမဝင် အလုပ်သမားများ မှောင်ခိုဝင်ရောက်လာမည်ကို ထိုင်းအစိုးရအနေဖြင့် စိုးရိမ်နေကြောင်းလည်း ထိုင်းဒေသတွင်း သတင်းများက ဆိုသည်။
Sources & Photo – sondhitalk