၇. ၁. ၂၀၂၃
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု၊ ဗာဂျီးနီးယားပြည်နယ်၊ နယူးပိုတ်နယူးစ်မြို့ရှိ Richneck မူလတန်းကျောင်းတွင်ဇန်နဝါရီ ၆ ရက် မွန်းလွဲပိုင်းက မိမိ၏ဆရာမဖြစ်သူအား ခြောက်နှစ်အရွယ် မူလတန်းကျောင်းသားတစ်ဦးက သေနတ်ဖြင့်ပစ်မှုဖြစ်ပွားခဲ့ရာ ထိုကျောင်းသားကိုဖမ်းဆီးထားကြောင်း ဒေသရဲတပ်ဖွဲ့အကြီးအကဲ စတိဗ်ဒရူးက သတင်းစာရှင်းပွဲတစ်ခုတွင် ပြောခဲ့သည်။
စတိဗ်ဒရူးက အသက် ၃၀ ပတ်ဝန်းကျင်ရှိ ဆရာမဖြစ်သူမှာ စာသင်ခန်းတစ်ခုအတွင်း ဤကဲ့သို့ ပစ်ခတ်ခံရခြင်းဖြစ်ကြောင်းနှင့် ထိုပစ်ခတ်မှုမှာ မတော်တဆဖြစ်ရပ် မဟုတ်ကြောင်းလည်း ပြောခဲ့သည်။ ထို့ပြင် ၎င်းက ပစ်ခတ်မှုမဖြစ်ပွားမီ ဆရာမနှင့် အဆိုပါကျောင်းသားတို့အကြား အော်ကြီးဟစ်ကျယ်ငြင်းခုံမှုတစ်ရပ်ဖြစ်ပွားခဲ့သည်ဟု သိရကြောင်း၊ ကျောင်းသားထံတွင် သေနတ်တစ်လက်ပါရှိလာရာ ဆရာမဖြစ်သူကို တစ်ချက်ပစ်ခတ်ခဲ့ကြောင်း ပြောခဲ့သည်။
သေနတ်ထိမှန်ဒဏ်ရာရခဲ့သော ဆရာမမှာ အစာအိမ်တွင်ကျည်ထိမှန်ခဲ့ပြီး ဒဏ်ရာပြင်းထန်၍ ဇန်နဝါရီ ၆ ရက်၊ ညနေပိုင်းအထိ အသက်အန္တရာယ်စိုးရိမ်ရကြောင်း၊ သို့သော် နောက်ဆုံးသတင်းများအရ တိုးတက်မှုအနည်းငယ်ရှိကြောင်း ဒရူးက ပြောခဲ့သည်။ ဖြစ်ရပ်တွင် အခြားကျောင်းသူကျောင်းသားများထိခိုက်မှုမရှိဟုလည်းဆိုသည်။
ရဲတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သည့်ကျောင်းသားမှာ မည်သူမည်ဝါ ဖြစ်သည်ကို ထုတ်ဖော်ပြောကြားခြင်းမရှိပေ။ Richneck မူလတန်းကျောင်းသည် အသက် ငါးနှစ်မှ ကိုးနှစ်အထိ မူလတန်းကျောင်းသူကျောင်းသားများအတွက် ဖွင့်ထားသောကျောင်းဖြစ်ကာ ယင်းကျောင်းကို ဇန်နဝါရီ ၉ ရက် တနင်္လာနေ့အထိ ပိတ်ထားမည်ဟု သိရသည်။
Ref-CNN (Photo -Nytimes)