◾ လျှပ်စစ်ဓာတ်အားခများ တိုးမြှင့်ခဲ့ပြီးဖြစ်၍ တည်ငြိမ်သည့်လျှပ်စစ်ဓာတ်အား ပိုမိုထုတ်လုပ်ဖြန့်ဖြူးနိုင်ရေး အသုံးစရိတ်များ တိုးမြှင့်လျာထားပေးထား
၂၇. ၁၁. ၂၀၂၄
Written by Nyein Kyaw
ယခုနှစ်အတွင်း သဘာဝဘေးအန္တရာယ်ကြုံတွေ့ခြင်း၊ သွင်းအားစုများဈေးနှုန်းမြင့်တက်ခြင်းတို့ကို အကြောင်း ပြ၍ အခြေခံစားကုန်များ ဈေးနှုန်းကြီးမြင့်လာခြင်းကြောင့် အခြေခံလူတန်းစားများအနေဖြင့် အခက်အခဲများဖြစ်ပေါ်လျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)ဥက္ကဋ္ဌက ယနေ့ ပြုလုပ်သည့် ဘဏ္ဍာရေးဆိုင်ရာကော်မရှင် အစည်းအဝေးတွင် ပြောကြားခဲ့သည်။
အဓိကစားသုံးသည့် အသားများဖြစ်သည့် ကြက်၊ ဝက်၊ ဆိတ်၊ နွား၊ ငါးတွင် အများစုကို ဒေသအလိုက်၊ နေရာအလိုက်အောင်မြင်စွာ မွေးမြူနိုင်သည့်အခြေအနေများပိုင်ဆိုင်ပြီးဖြစ်ကြောင်း၊ အမှန်တကယ်အလုပ်လုပ်ကြမည်ဆိုပါက ဒေသတွင်းစားရေးဖူလုံမှုကို အထောက်အကူပြုနိုင်မည်ဖြစ်ကာ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံး နိုင်မည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
ဒေသမျိုးများကိုပင် လှောင်မွေးစနစ်ဖြင့် စနစ်တကျမွေးမြူပါက တိုးတက်မှု များပြားလာမည်ဖြစ်ကြောင်း၊ ဒေသတွင်း၌ ထွက်ရှိသည့်ကုန်ကြမ်းများကို အသုံးပြု၍ အစာကျွေးမွေးမည်ဆိုပါက အောင်မြင်သည့် မွေးမြူရေးလုပ်ငန်းကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ အခြေခံလူတန်းစားများ၏ သက်သာချောင်ချိရေးကို အထူးအလေးထား ဆောင်ရွက်ပေးရန်လိုကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
အလားတူ စိုက်ပျိုးရေးလုပ်ငန်းများ၌လည်း ပန်းတိုင်ရည်မှန်းချက်ပြည့်မီအောင် ကြိုးပမ်းဆောင်ရွက်ခြင်း၊ သီးထပ်စွမ်းအားတိုးမြှင့်ခြင်း၊ စိုက်ဧကတိုးချဲ့ခြင်းဟူသည့် နည်းလမ်း ၃ သွယ်ဖြင့် အထွက်နှုန်းတိုးမြင့်အောင် ဆောင်ရွက်နိုင်ကြောင်း၊ ပန်းတိုင် ရည်မှန်းချက်ပြည့်မီအောင်ဆောင်ရွက်ခြင်းနှင့် သီးထပ်စွမ်းအားတိုးမြှင့်ခြင်းသည် မူလရှိပြီးအခြေခံအပေါ် တိုးတက်အောင်ဆောင်ရွက်ရခြင်းဖြစ်ပြီး ဖြစ်နိုင်ခြေမြင့်မားသဖြင့် အလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်သည့် သွင်းအားစုများ ပြည့်ပြည့်ဝဝရရှိစေရေးသက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက်မှ တာဝန်ရှိသူများအနေဖြင့် ကြံဆဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
အလားတူ လျှပ်စစ်ဓာတ်အားခများကို တိုးမြှင့်သတ်မှတ်ခဲ့ပြီးဖြစ်၍ တည်ငြိမ်သည့် လျှပ်စစ်ဓာတ်အား ပိုမိုထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရေး လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အသုံးစရိတ်များကို တိုးမြှင့်လျာထားပေးထားကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆက်လက် ပြောကြားခဲ့သည်။
နိုင်ငံတော်၏လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးတွင် လျှပ်စစ်ဓာတ်အား ရရှိရေးသည်လည်း အဓိကကျသည့်အတွက် ပြည်သူလူထုကို တည်ငြိမ်သည့် လျှပ်စစ်ဓာတ်အား ပိုမိုထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်သည့်အခါတွင် ဘဏ္ဍာရေးနှစ်အလိုက် ထုတ်လုပ်မှုစရိတ်များ မြင့်မားလာခဲ့ကြောင်း၊ ထို့ကြောင့်လည်း လျှပ်စစ်ဓာတ်အားခနှုန်းထားများကို တိုးမြှင့်ပြင်ဆင်သတ်မှတ်ပေးခဲ့ပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အသုံးစရိတ်များကိုလည်း တိုးမြှင့်လျာထားပေးခဲ့ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့်၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် နောက်ထပ်ခွဲဝေပေးသည့် ဘဏ္ဍာငွေများနှင့် အကောင်အထည်ဖော် ဆောင်ရွက်ကြရာတွင် ပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များအကြား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ကြရန် SAC ဥက္ကဋ္ဌက မှာကြားခဲ့သည်။
အသုံးစရိတ်များ သုံးစွဲရာတွင်လည်း ဘဏ္ဍာရေးစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ သုံးစွဲကြရန်၊ လျာထားသည့်ရငွေများကိုလည်း ပြည့်မီရုံသာမက ကျော်လွန်ရရှိအောင် ကြိုးပမ်းဆောင်ရွက်သွားကြရန်၊ သတ်မှတ်ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းများ အရည်အသွေးနှင့် စံချိန်စံညွှန်းပြည့်မီစွာဖြင့် အချိန်မီပြီးစီးအောင် ဆောင်ရွက်ပေးကြရန်၊ နိုင်ငံ့ဘဏ္ဍာငွေများကို လေလွင့်ဆုံးရှုံးမှု မရှိအောင် ကြပ်မတ်ဆောင်ရွက်ပေးကြရန် SAC ဥက္ကဋ္ဌက တိုက်တွန်းပြောကြားခဲ့သည်။