၂၇.၁၁.၂၀၂၄
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ စက်မှုဇုန် အပိုင်း(၂)၊ တွင်းသင်းတိုက်ဝန်ဦးထွန်းညိုလမ်းရှိ General Paint သင်္ဘောဆေးစက်ရုံရှိ အခန်း ၄ ခန်းပါသော နှစ်ထပ်လူနေအိမ်တွင် ယနေ့ နိုဝင်ဘာ ၂၇ ရက် နံနက် ၁၁ နာရီ ၃ မိနစ်ခန့်က လူမရှိဘဲ LED မီးလုံးကို လျှပ်စစ်မီးဖြင့်အားသွင်းရာမှ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း စစ်ဆေးသူများထံမှ သိရသည်။
မီးလောင်မှုကြောင့် အလျား ပေ ၅၀၊ အနံ ပေ ၂၀ ရှိ သွပ်မိုး၊ပျဥ်ကာ၊ ပျဥ်ခင်း လေးခန်းပါသော နှစ်ထပ်လူနေအိမ်နှင့်အတွင်းပစ္စည်းများမီးလောင်ခဲ့ကြောင်း သိရသည်။
“စက်ရုံထဲက လူနေအဆောင်မီးလောင်တာပါ။ လူထိခိုက်သေဆုံးမှုတော့ မရှိပါဘူး”ဟု မီးငြှိမ်းသတ်သူတစ်ဦးက ပြောသည်။
မီးလောင်မှုမှာ မိနစ် ၄၀ ခန့်ကြာမြင့်ခဲ့ပြီး မီးငြှိမ်းသတ်ယာဥ် ၈ စီး၊ ရေသယ်ယာဥ် ၇ စီး၊ အထောက်အကူပြုယာဥ် တစ်စီး၊ကွပ်ကဲမှုယာဥ် ၁ စီးနှင့် သန္ဓေအရံမီးသတ်တပ်ဖွဲ့ဝင် ၁၀၀ ကျော်ဖြင့် ငြှိမ်းသတ်ခဲ့ရကြောင်း မီးငြှိမ်းသတ်သူများထံမှ သိရသည်။
မီးလောင်မှုကြောင့် စက်ရုံကြီးကြပ်ရေးမှူး အသက် ၄၈ နှစ်အရွယ် အမျိုးသားကြီးကို ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် လှိုင်သာယာ(အရှေ့ပိုင်း)မြို့မရဲစခန်းက အမှုဖွင့်ထားသည်။