၂၇. ၁၁. ၂၀၂၄
Written by Phyo Wei
စစ်ဖြစ်နေတဲ့ကာလမှာ ဒေါ်လာစျေးတည်ငြိမ်လာတာတောင်မှ ကုန်စျေးနှုန်းက ကျမလာတဲ့အပြင် အတက်ဘက်ကိုပဲသွားနေတာ၊ FDI က မဝင်သလောက်ကျတာ စတဲ့ စီးပွားရေးဆိုင်ရာ သတင်းတွေဟာ ကောင်းတာ မရှိချိန်မှာပဲ ILO ကလည်း မြန်မာပြည်က သန်းနဲ့ချီတဲ့ အလုပ်သမားထုကို ဒုက္ခပေးဖို့အတွက် အလုံးစုံပိတ်ဆို့ရေး Article 33 ကို လာမယ့်နှစ်လယ်လောက်မှာ ဆုံးဖြတ်ကြမှာပါ။ အရင် စစ်အုပ်ချုပ်ရေးကာလတုန်းကလည်း ILO က Article 33 ကို ကျင့်သုံးခဲ့ပြီး အဲဒီကျင့်သုံးမှုက အစိုးရတွေ၊ ခရိုနီတွေပဲ အဆင်ပြေချမ်းသာသွားပြီး နိုင်ငံနဲ့ ပြည်သူကတော့ ပိုမိုကျပ်တည်းခဲ့တာမို့ အခုလည်း ILO ဟာ မြန်မာနိုင်ငံနဲ့ ပြည်သူလူထု ခက်ခဲအောင် ပြည်ပရောက်ကိုယ်ကျိုးရှာ အလုပ်သမားအရေးလှုပ်ရှားသူတွေနဲ့ တမင်ပေါင်း လုပ်နေသလား မေးခွန်းထုတ်ရတော့မှာဖြစ်သလို ပြည်တွင်း အလုပ်သမားထုဘက်ကလည်း စဉ်ဆက်မပြတ် ကန့်ကွက်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
အခြားသတင်းတွေအဖြစ်လည်း ရာဂီမုန်တိုင်းဒဏ်ခံဒေသတွေ ပြန်လည်တည်ထောင်ရေးအတွက် ပြန်အပ်ရမဲ့ ဘတ်ဂျတ်ပိုလျှံငွေနဲ့ပါ ဆောင်ရွက်ပေးမဲ့ အခြေ အနေတွေ၊ တရုတ်နိုင်ငံဘက်က ကျောက်ကြမ်းပိုးတွေ အဝယ်များလို့ စျေးကောင်းရလာတယ်ဆိုတာ၊ NUG နဲ့ PDF တွေ တိုက်ခိုက်မှုပြုပြီး ပိတ်ဆို့ခိုင်းနေတဲ့ကြားထဲက အထည်ချုပ်ကဏ္ဍကို တရုတ်နိုင်ငံရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်လာတယ်ဆိုတာ၊ ပြည်တွင်းလက်ကျန်ဆန် ပိုလျှံမှုရှိလာတာ၊ နိုင်ငံတကာဆန်ဈေး ကျဆင်းနေတဲ့အပြင် ကောက်စောစပါးနဲ့ ဆန်အသစ်တွေ ဈေး ကွက်ကို စတင်ဝင်နေပြီဖြစ်လို့ မကြာမီဆန်ဈေးနှုန်း ကျဆင်းလာနိုင်တယ်လို့ ဆိုပေမဲ့လည်း ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက် အဖြစ်တော့ ဒေါ်လာတစ်ဘီလျံခွဲကျော် ကုန်သွယ်မှုပိုငွေဖြစ်ပေါ်နေတဲ့ အခြေအနေတွေ၊ မိုးပျံနေတဲ့ အိမ်ခြံမြေစျေးဟာ ဝယ်လက်ပျောက်နေတယ်ဆိုတဲ့ အခြေအနေတွေနဲ့ မြန်မာနိုင်ငံက ခရီးသွားဖို့ မသင့်တဲ့နိုင်ငံလို့ စွပ်စွဲခံရမှုတွေက မမှန်ကန်ဘူးလို့ ဖြေရှင်းပေးလာတဲ့ အကြောင်းတွေကို တင်ပြချင်ပါတယ်။
◾ ဒေါ်လာတစ်ဘီလျံခွဲကျော် ကုန်သွယ်မှုပိုငွေ
လက်ရှိ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဧပြီလကနေ အောက်တိုဘာလအထိ ခုနစ်လအတွင်း မြန်မာနိုင်ငံရဲ့ ပြည်ပကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၅ ဒသမ ၄၈၃ ဘီလျံခန့်ရှိပြီး ပို့ကုန်တင်ပို့မှုက ဒေါ်လာ ၈ ဒသမ ၅၁၆ ဘီလျံ၊ သွင်းကုန်တင်သွင်းမှုက ဒေါ်လာ ၆ ဒသမ ၉၆၆ ဘီလျံသာရှိတာကြောင့် ကုန်သွယ်ရေးပိုငွေ ဒေါ်လာ ၁ ဒသမ ၅၅ ဘီလျံ ဖြစ်ပေါ်ခဲ့တာပါ။
မြန်မာနိုင်ငံလို ကုန်ထုတ်လုပ်မှုအားနည်းပြီး ပြည်တွင်းသုံးစွဲမှုရဲ့ ရာခိုင်နှုန်း ၈၀ လောက်ကို ပြည်ပကနေ တင်သွင်းနေရတဲ့ နိုင်ငံတစ်ခုမှာ အစိုးရအဆက်ဆက်က ကုန်သွယ်ရေးပိုငွေထွက်ဖို့ ရုန်းကန်ခဲ့ရတာပါ။ ပြီးခဲ့တဲ့ အစိုးရနှစ်ဆက်ကာလဆိုရင် ကုန်သွယ်မှုလိုငွေတင် ဒေါ်လာ ၂၅ ဘီလျံလောက်ဖြစ်ခဲ့တာပါ၊ ဒီလိုမျိုး လိုငွေအခြေအနေပြန်ကြည့်မယ်ဆိုရင် ဦးသိန်းစိန်အစိုးရလက်ထက် ပွင့်လင်းစ မြန်မာနိုင်ငံဟာ ပို့ကုန်တင်ပို့မှု အားနည်းခဲ့တာ၊ ကုန်ထုတ်လုပ်မှုနည်းပါးတာ၊ မြန်မာ့ပို့ကုန်တချို့ ဓာတုဆေးကြွင်း ပါဝင်လို့ ကန့်သတ်ခံရတာတွေရှိခဲ့တာတွေကြောင့် လိုငွေ ဒေါ်လာ ၁၂ ဘီလျံလောက်ဖြစ်ခဲ့တာပါ။ ဒါတွေကြောင့် မဲမသမာမှုနဲ့ ဖြုတ်ချခံ NLD အစိုးရဟောင်းလက်ထက်မှာ ပို့ကုန်သုံးဆမြှင့်မယ်လို့ ကြွေးကြော်ခဲ့ပေမဲ့လည်း တကယ်တမ်းတော့ အလုပ်မဖြစ်ခဲ့ဘဲ ကုန်သွယ်မှုလိုငွေက ဒေါ်လာ ၁၂ ဒသမ ၆ ဘီလျံလောက်အထိ ဖြစ်လာခဲ့သလို အဲဒီလို လိုငွေတွေအတွက်တော့ Non Trade က ရတဲ့ငွေတွေ၊ ပြည်ပချေးငွေတွေနဲ့ အစားထိုးသုံးခဲ့ရတဲ့အခြေအနေပါ။ လက်ရှိ SAC အစိုးရလက်ထက်မှာ ကုန်သွယ်မှုစာရင်းတွေ အရင်လို ဖော်ပြလာမှုမရှိတော့ပေမဲ့ MT News သတင်းမှတ်တမ်းတွေအရ ကြားကာလမှာ ကုန်သွယ်မှုလိုငွေက ဒေါ်လာ ၃၄၃ သန်းကျော်၊ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ် မတ်လအထိ ကုန်သွယ်မှုလိုငွေက ဒေါ်လာ ၇၃၂ သန်းကျော်နဲ့ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှာ ကိုးလခွဲကာလအထိက လိုငွေ ဒေါ်လာ သန်း ၁၄၀၀ ကျော်ဖြစ်ပေါ်ခဲ့တာပါ။ ဒါပေမဲ့ ဒီဘဏ္ဍာနှစ်မှာတော့ ကုန်သွယ်မှုပိုငွေကတော့ ဒေါ်လာ ၁ ဘီလျံခွဲကျော်ဖြစ်လာနေတာပါ။ ဒါပေမဲ့လည်း အခြားတစ်ဖက်မှာတော့ ကုန်သွယ်မှုလိုငွေဖြစ်တုန်းကလို ကုန်ပစ္စည်းတွေ စျေးမပေါတော့ဘဲ ပြည်တွင်းမှာ သွင်းကုန်ရှားပါးတာကြောင့် စျေးနှုန်းကြီးမြင့်မှု၊ မြှင့်တင်နေဆဲကာလမှာ ပြည်တွင်းထုတ်ကုန်မလုံလောက်မှု၊ လိုချင်သလို ဝယ်ယူမရမှုကြောင့် မှောင်ခိုစျေးကွက်တွေဖြစ်ပေါ်နေလို့ လူထုကြား ကျပ်တည်းမှုနဲ့ ကုန် ပစ္စည်းပြတ်လပ်မှုလည်း ကြုံနေရတာပါ။ တကယ်တော့ ကုန်သွယ်မှုပိုငွေထွက်တယ်ဆိုတာက ပြည်တွင်းမှာလည်း ကုန်စည်လုံလောက်ပေါများ စျေးချိုပြီး ပြည်ပကိုလည်း အလျှံပယ်ပို့နိုင်လို့ ပြည်ပသွင်းကုန်လည်း တင်သွင်းစရာမလိုတဲ့အခြေအနေမျိုးကသာ နိုင်ငံအတွက် အကျိုးဖြစ်စေမှာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီခေတ် ဒီကာလအခြေအနေအရ ဒီလိုမျိုး ကိုယ့်ဘက်က ပို့ကုန်လည်း အားမကောင်း၊ ပြည်တွင်းထုတ်လုပ်မှုလည်း မလုံလောက်တဲ့ အခြေအနေမှာ စစ်ရေးနဲ့ နိုင်ငံရေးအကျပ်အတည်း၊ ငွေကြေးနဲ့ ကုန်စည် စျေးကစားသူတွေကြောင့် ထိန်းသိမ်းကန့်သတ်ရလို့ ကုန်သွယ်မှုပိုငွေဖြစ်ပေမဲ့၊ လူထုကုန်စျေးနှုန်းကြီးမြင့်မှု ရင်ဆိုင်နေရတဲ့ အကျပ်အတည်းကလည်း လတ်တလောမှာ အဖြေရှာဖို့ ခက်ခဲပေမဲ့ လူထုသက်သာချောင်ချိဖို့အတွက်တော့ ချိန်ညှိလုပ်ဆောင်ဖို့ လိုအပ်မှာပါ။
◾ ဝယ်လက်ပျောက် အိမ်ခြံမြေ
ပြည်တွင်း နိုင်ငံရေးပဋိပက္ခ အကျပ်အတည်းတွေကြောင့် ပိုင်ဆိုင်မှုတွေရောင်းချပြီး ထိုင်းနိုင်ငံကို ရွှေ့ပြောင်းကြလို့ ထိုင်းနိုင်ငံရဲ့ အိမ်ခြံမြေအရောင်းအ ဝယ်မှာ မြန်မာနိုင်ငံသားတွေ ဝယ်ယူကြလို့ လက်ရှိနှစ်မှာဆိုရင် မနှစ်ကထက် သုံးလေးဆ ပိုမိုမြင့်တက်လာပြီး စက်တင်ဘာလကုန်အထိမှာ ဘတ် ၆ ဘီလျံဖိုးလောက် တိုက်ခန်းတွေကို မြန်မာနိုင်ငံသားတွေက ဝယ်ယူခဲ့ကြတာပါ။ ဒီလိုမျိုး ဝယ်ယူနိုင်အောင်လည်း မြန်မာနိုင်ငံမှာက ငြိမ်းချမ်းတဲ့မြို့တွေမှာ ပေ ၂၀၊ ပေ ၆၀ တိုက်ခံအိမ်လောက်ဆိုရင်ကို ထိုင်းနိုင်ငံမှာ ကွန်ဒိုဝယ်နိုင်တဲ့ အခြေအနေမျိုးဖြစ်လို့ မြန်မာပြည်က ရှိသမျှ ပိုင်ဆိုင်မှုအကုန်ဖြုတ်လို့ ထိုင်းကို ရွှေ့လိုက်ကြတဲ့သူများပြားတာကြောင့် မြန်မာ့အိမ်ခြံမြေစျေးကလည်း အခြေခံလူတန်းစားတွေ အိမ်ငှားနေဖို့ အိမ်ဝယ်နေဖို့တောင် ခက်ခဲလာပါတယ်။
ပိုဆိုးတဲ့ အခြေအနေတစ်ရပ်အဖြစ်လည်း အခုနောက်ပိုင်းမှာ ငွေကြေးဖောင်းပွမှုမြင့်တက်လာပေမဲ့ ဝင်ငွေလစာထူးထူးကဲကဲတိုးတက်မလာတာ၊ အိမ်ခြံမြေစျေးတွေ အဆမတန် တက်ကုန်တာ၊ ဘေးမကင်းတဲ့ မြန်မာက မြေကို သိန်း၊ သောင်းချီ ပေးဝယ်မဲ့အစား ဘန်ကောက်က ကွန်ဒိုတွေ၊ ချင်းမိုင်၊ မဲဆောက်က မြေတွေကို ပြောင်းလဲဝယ်ယူလာတာကြောင့်လည်း ပြည်တွင်း အိမ်ခြံမြေစျေးကွက်မှာ မဖြစ်မနေ ဝယ်မဲ့သူတွေကပဲ ဝယ်ကြပြီး အများစုကတော့ ဝယ်ယူမှုမရှိတာနဲ့ မြေစျေးကစားသူတွေက ဂိတ်ဆုံးကိုလွန်သွားတဲ့ အိမ်ခြံမြေကို စိတ်မဝင်စားတော့ဘဲ ရှောင်ထွက်ကုန်တာကြောင့် ပြည်တွင်း အိမ်ခြံမြေစျေးကွက်ဟာ ပိုက်ဘောတွေနဲ့ စျေးအမြင့်မှာ မာမာအေး ဖြစ်နေတော့တာပါ။ မြို့ပေါင်း ၉၀ လောက် မီးရှို့ဖျက်ဆီး သိမ်းယူခံထားရတဲ့အခြေအနေမှာ၊ လက်နက်ကိုင်တိုက်ပွဲတွေကြောင့် အိမ်ပေါင်း တစ်သိန်းကျော် ဖျက်ဆီးခံထားရတဲ့ကာလမှာ ဘေးထွက်ဆိုးကျိုးဟာ မြေစျေးတက်တာအပြင် ကျုးကျော်တွေ ပြန်များလာတာနဲ့ ခိုလှုံရာမဲ့သူတွေများလာတဲ့အခြေအနေလည်း တွေ့ရပါသေးတယ်။ ဒီလိုအခြေအနေတွေ မြေစျေးတွေ ပြန်ကျပြီး ပုံမှန်ပြန်ဖြစ်ဖို့က နိုင်ငံရေးအကူးအပြောင်းဖြစ်တော့မယ့်အချိန်မှပဲ ဖြစ်နိုင်တော့မှာဖြစ်လို့ လာမယ့်သုံးလေးနှစ် မြန်မာ့အိမ်ခြံမြေဟာ စျေးအမာနဲ့ ဝယ်သူမရှိ အေးစက်နေတဲ့ ပုံပဲ ဆက်ဖြစ်နေမယ် ထင်ပါတယ်။
◾ မြန်မာက ခရီးသွားဖို့ မသင့်တဲ့နိုင်ငံလို့ သတင်းမှားလွှင့်ခံရတဲ့ အခြေအနေ
မြန်မာနိုင်ငံဟာ ၁၉၉၆ ခုနှစ်တုန်းက မြန်မာ့ခရီးသွားနှစ်ကို အကောင်အထည်ဖော်ခဲ့ဖူးပါတယ်။ အဲဒီအချိန်တုန်းက နိုင်ငံရေးအကျဉ်းသူ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်အုပ်ချုပ်ရေးနိုင်ငံဆီ ခရီးသွားတွေ မလာဖို့ ကမ္ဘာကို ပြောခဲ့ဖူးပေမဲ့ ၂၀၁၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲကာလ ဦးသိန်းစိန်လက်ထက်မှာ ကမ္ဘာလှည့်ခရီးသွားဝင်ရောက်မှုက အမြင့်ဆုံးလေးသန်းကျော် ငါးသန်းလောက်အထိ ရောက်ခဲ့ဖူးပေမဲ့ NLD အစိုးရဟောင်းလက်ထက် ၂၀၁၇ ခုနှစ်မှာတော့ ရခိုင်နယ်စပ်က ဘင်္ဂါလီခိုးဝင်ပြဿနာကို နိုင်ငံမဲ့နဲ့ လူ့အခွင့်အရေးခေါင်းစဉ်အောက်မှာ ကမ္ဘာလုံးဆိုင်ရာပြဿနာအဖြစ် ဆွဲသွင်းခံရာကနေ ခရီးသွား ကျဆင်းသွားချိန်မှာ အဆိုးရွားဆုံးကတော့ ကိုဗစ်ကပ်ရောဂါကာလမှာ တစ်ကမ္ဘာလုံးက ခရီးသွားလုပ်ငန်းအားလုံး ပျက်သုဉ်းခဲ့တာပါ။
အဲဒီနောက် ၂၀၂၃ ခုနှစ်ကစလို့ ကမ္ဘာလုံးဆိုင်ရာခရီးသွားစျေးကွက် အသစ်တဖန်ပြန်လည် လည်ပတ်လာပြီး အိမ်နီးချင်းထိုင်းနိုင်ငံဆိုရင် ကမ္ဘာလှည့်ခရီးသွားဝင်ရောက်မှုကို ဒီနှစ်မှာ ၃၅ သန်းအထိ မျှော်မှန်းခဲ့တာပါ။ လာအိုလို ကုန်းတွင်းပိတ်နိုင်ငံဆိုလည်း ဒီနှစ်ထဲ ခရီးသွား ၅ သန်းဝင်ရောက်လာတယ်လို့ သတင်းထုတ်ပြန်ထားတာပါ။ မြန်မာနိုင်ငံကတော့ ကိုဗစ်ကာလ ၂၀၂၂ ခုနှစ်မှာ ခရီးသွား ၂၂၀၀၀၀ ကျော်၊ ၂၀၂၃ မှာ ခရီးသွား ၁ ဒသမ ၂၈ သန်းဝင်ရောက်ပြီး ၂၀၂၄ ပထမ ၅ လမှာတော့ ကာလတူထက် ၆၃ ရာခိုင်နှုန်းတိုးတက်ပြီး ၅၃၀၀၀၀ ကျော်ဝင်ခဲ့တာပါ။ ဒီအချိန်မှာပဲ မြန်မာနိုင်ငံ ရန်ကုန်မြို့ဟာ ကမ္ဘာလှည့်ခရီးသွားတွေအတွက် ၂၀၂၄ ခုနှစ်အတွင်း အန္တရာယ်အရှိဆုံးမြို့စာရင်းမှာ ကမ္ဘာအဆင့် ၃ နေရာ သတ်မှတ်ခံလိုက်ရသလို အာဆီယံနိုင်ငံတွေထဲမှာလည်း အဆင့် ၁ နေရာ ရပ်တည်နေတယ်လို့ Forbes မဂ္ဂဇင်းရဲ့ ထုတ်ပြန်မှု၊ Global Gurdian က အာရှပစိဖိတ်ဒေသမှာ မြန်မာနိုင်ငံက ခရီးသွားဖို့ အန္တရာယ်အရှိဆုံးလို့ ဖော်ပြခဲ့မှုတွေက ရေနစ်သူ ဝါးကူထိုးလိုက်သလိုပါပဲ။ မြန်မာခရီးသွားစျေးကွက်မြှင့်တင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူတွေ လုပ်ဆောင်မှုကလည်း ထူးထူးကဲကဲ မအောင်မြင်တဲ့အခြေအနေမှာ အမေရိကန်နဲ့ အနောက်အုပ်စုရဲ့ ကန့်သတ်မှုတွေ၊ Forbes ရဲ့ လုပ်ချက်တွေကြားထဲက အခြေအနေကောင်းတစ်ခုကတော့ မီဒီယာတွေမှာဖော်ပြနေသလို မြန်မာနိုင်ငံက သွားဖိုမသင့်တဲ့နိုင်ငံတွေမှာပါဝင်နေတယ် ဆိုတာမဟုတ်ဘူးလို့ ဩစတေးလျနိုင်ငံသား ခရီးသွားဘလော့ဂါ Luke က သူရဲ့မြန်မာခရီးစဉ်အပြီးမှာ ပြောကြားလာတာပါ။ Luke ရဲ့ Travel with Luke Demant Youtube မှာဆို မြန်မာနိုင်ငံကို ခရီးသွားတာနဲ့ ပတ်သက်ပြီး ရုပ်သံခုနစ်ခုလောက်တင်ထားတာ တွေ့ရသလို သူက Youtube မှာ Subscriber ၁ ဒသမ ၃၈ သန်းရှိတဲ့ နာမည်ကျော်ပါ။ သူဟာ မြန်မာနိုင်ငံခရီးစဉ်အပြီး သူထုတ်လွှင့်တင်ဆက်ခဲ့တဲ့နောက်ဆုံး ဗီဒီယိုဖိုင်တစ်ခုမှာ မြန်မာနိုင်ငံဟာ ကမ္ဘာ့အန္တရာယ်ရှိသော (၁၀)နိုင်ငံစာရင်းမှာပါဝင်နေလို သူ့အနေနဲ့ အစပိုင်း မြန်မာနိုင်ငံကိုလာရမှာကို ရင်တုန်နေခဲ့ပေမယ့် တကယ်ရောက်လာတဲ့အခါမှာတော့ သူကြားခဲ့ရတာတွေနဲ့ တခြားစီဖြစ်နေခဲ့ပြီး သူ့ခရီးစဉ်တစ်လျှောက်လုံးအဆင်ပြေချောမွေ့ခဲ့သလို မြန်မာနိုင်ငံဟာ တကယ်လှတဲ့နိုင်ငံဖြစ်တယ်လို Luke က ပြောပြခဲ့တာ၊ သူ့ခရီးစဉ်မှာ ရန်ကုန်၊ ငွေဆောင်၊ ပုဂံနဲ့ မန္တလေးမြို့တို့ကို သွားရောက်လည်ပတ်ခဲ့ပြီး ရန်ကုန်မြို့မှာဆိုရင် ရွှေတိဂုံဘုရား၊ မဟာဗန္ဓုလပန်းခြံ၊ ဗိုလ်ချုပ်ဈေး၊ ကန်တော်ကြီး အပါအဝင် ဒလမြို့တို့ကို သွားရောက်လည်ပတ်ခဲ့သလို ရန်ကုန်မြို့ပတ်ရထားစီးပြီး ရန်ကုန်ပြည်သူလူထုနဲ့ ရင်းရင်းနှီးနှီး ထိတွေ့ဆက်ဆံခဲ့တာတွေ့ရပါတယ်။ အင်တာနက်ခေတ်မှာ ဒီလိုမျိုး ကမ္ဘာကျော် Youtuber တွေ မြန်မာနိုင်ငံကို လာရောက်လည်ပတ်ပြီး ကမ္ဘာ့မီဒီယာတွေရဲ့ အဆိုးမြင်မှတ်ချက်တွေကို သူ့စရိတ်နဲ့သူ တိုက်ဖျက်ပေးနေတာက သုံးတတ်ရင် ဆေးတစ်ပါးပါ။ ပြီးခဲ့တဲ့နှစ်ကဆိုရင်လည်း Small Brained American ဆိုတဲ့ အမေရိကန် Youtuber Corner ရဲ့ ငွေဆောင်ခရီးစဉ်မှာ မြန်မာနိုင်ငံသား ကိုသန်းဇော်နဲ့ သွားလာလှုပ်ရှားမှုတွေက Hot ဖြစ်ခဲ့တာပါ။ ဒီလိုမျိုး ကမ္ဘာကျော်တွေ၊ Youtuber တွေဟာ မြန်မာပြည်က ကမ္ဘာမှာ ပုံဖျက်ခံနေရသလို ရန်ကုန်၊ နေပြည်တော်၊ မန္တလေး လေဆိပ်ကဆင်းတာနဲ့ ဗုံးတွေ၊ ကျည်တွေရောက်လာတာမျိုးမဟုတ်ဘဲ အေးအေးချမ်းချမ်းပဲ သွားလာလည်ပတ် ပျော်စရာကောင်းတယ်ဆိုတာကို အိတ်စိုက် သက်သေပြနေတာပါ။ ဒီလိုမျိုးလူတွေရဲ့ မြန်မာ့ခရီးသွားကဏ္ဍအပေါ် အကောင်းမြင်မှုတွေဟာ ခရီးသွားလုပ်ငန်းကဏ္ဍ ပြန်လည်မြင့်တက်စေဖို့၊ Forbes လို အမေရိကန်မှာထိုင်ပြီး ပုံဖျက်နေသူတွေကို တုံ့ပြန်ဖို့ လက်နက်ကောင်းဖြစ်ပေမဲ့လည်း တာဝန်ရှိသူတွေဘက်ကတော့ ဒီလိုလက်နက်တွေကို အသုံးမချတတ်ဖြစ်နေတာ၊ ပုံဖျက်ထားတဲ့ စွပ်စွဲချက်တွေကို တတ်အားသရွေ့ရှင်းလင်းတာမျိုးမမြင်ရဘဲ ခရီးသွားတိုးတက်ရေးဆောင်ရွက်ချက်တွေ အားနည်းနေတယ်လို့ ယူဆမိကြောင်း တင်ပြရင်း ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက် ရပ်နားပါရစေ။