၂၇. ၁၁. ၂၀၂၄
Written by Nyein Kyaw
ရခိုင်ပြည်နယ်အတွင်း ဘင်္ဂါလီ (ရိုဟင်ဂျာ) ကိစ္စရပ်များနှင့် ပတ်သက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ပေးရန် နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) သို့ လျှောက် ထားခဲ့မှုအပေါ် မြန်မာနိုင်ငံက အသိအမှတ်မပြုကြောင်း SAC သတင်းထုတ်ပြန်ရေးအဖွဲ့မှ ယနေ့တွင် ပြန်လည်ဖြေကြားထားသည်။
ရခိုင်ပြည်နယ်အတွင်း ဘင်္ဂါလီ(ရိုဟင်ဂျာ)များအပေါ် ကျူးလွန်သည့် ရာဇဝတ်များအတွက် SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား ICC ၏ ရှေ့နေချုပ်ကာရင်အေးအေခန် (Karim AA. Khan) က ICC တရားရုံးသို့ နိုဝင်ဘာ ၂၇ ရက် (ယနေ့)တွင် လျှောက်ထားခဲ့ခြင်းအပေါ် မီဒီယာများ၏ မေးမြန်းမှုကို SAC သတင်းထုတ်ပြန်ရေးအဖွဲ့မှ အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။
SAC သတင်းထုတ်ပြန်ရေးအဖွဲ့၏ ဖြေကြားချက် အပြည့်အစုံမှာ “မြန်မာနိုင်ငံသည် ICC အဖွဲ့ဝင်နိုင်ငံမဟုတ်သကဲ့သို့ ICC ၏ ပြောကြားချက်များအပေါ် မည်သည့်အခါကမှ အသိအမှတ်ပြုခြင်းမရှိပါ။ မြန်မာနိုင်ငံအနေဖြင့် ဒေသတွင်းအပြင် ကမ္ဘာ့နိုင်ငံများနှင့် ဆက်ဆံရာတွင် လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးလျက်ရှိပြီး နိုင်ငံများအကြား အေးချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကို ကျင့်သုံးလျက်ရှိသည်” ဟု ဖြေကြားခဲ့သည်။
၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့မှ စတင်ပြီး ၂၀၁၆ နှင့် ၂၀၁၇ ခုနှစ်များအတွင်း မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှု သတ်ဖြတ်မှုလှိုင်းများနှင့် မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဘင်္ဂါလီ (ရိုဟင်ဂျာ)များ ထွက်ခွာလာမှုနှင့် နောက်ဆက်တွဲ ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးခဲ့ကြောင်း ဖော်ပြထားခြင်းဖြစ်သည်။
ယင်းကဲ့သို့ စုံစမ်းမှုအပြီးတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် မင်းအောင်လှိုင်က လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် ရာဇဝတ်မှုကျူး လွန်သည်ဟု ICC တရားရုံးက ဆုံးဖြတ်ကောက်ချက်ချခဲ့ကြောင်း၊ ဘင်္ဂါလီ (ရိုဟင်ဂျာ)များကို ညှဉ်းပန်းသတ်ဖြတ်မှုများနှင့် နှင်ထုတ်မှုများကို မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့တွင် ကျူးလွန်ခဲ့ကြောင်း ICC က ထုတ်ပြန်ထားကြောင်း၊ ICC တရားရုံးက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား ဖမ်းဝရမ်းထုတ်ရန် လျှောက်ထားမှုသည် အဆိုပါ အမှုအတွက် ဖမ်းဝရမ်းထုတ်ရန် ပထမဆုံးလျှောက်ထားချက်ဖြစ်ပြီး နောက်ဆက်တွဲများ ထပ်မံလာဦးမည်ဖြစ်ကြောင်း ပြည်ပရောက် Exile မီဒီယာများတွင် ရေးသားဖော်ပြထားသည်။