◾ ပြည်တွင်း ဆန်ဈေးကြီးမြင့်မှုတွင် သိုလှောင်ဈေးကစားမှုကို အဓိကထိန်းသိမ်းရန် အခက်အခဲရှိနေဟုပါ ဖွင့်ဟ
၂၇. ၁၁. ၂၀၂၄
Written by Nyein Kyaw
ပြည်တွင်း၌ ဆန်ပြတ်လပ်မှုမရှိနိုင်ကြောင်းကို အာမခံနိုင်ကြောင်းနှင့် လက်ရှိတွင် ပို့ကုန်အခြေပြုအရန်ဆန် အိတ်ရေ ၈ သိန်းအထိရှိနေကြာင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ယနေ့ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
ပြည်တွင်း ဆန်ပြတ်လပ်မှုရှိလာနိုင်မည့် အခြေအနေများနှင့် ပတ်သက်ပြီး မီဒီယာများက မေးမြန်းမှုအပေါ် MRF ဥက္ကဋ္ဌက ဆန်ပြတ်လပ်မှုမည်သို့မျှ မဖြစ်နိုင်ကြောင်း၊ နိုင်ငံတော်အစိုးရပိုင်းမှလည်း ပြည်တွင်း ဆန်ဈေးနှုန်းကြီးမြင့်ပါက ပြည်ပတင်ပို့ခြင်းထက် ပြည်တွင်းဈေးကွက် တည်ငြိမ်ရေးကိုသာ အဓိကဆောင်ရွက်ရန် မူဝါဒချပေးထားကြောင်း ဖြေကြားခဲ့သည်။ သို့သော်လည်း ပြည်တွင်း ဆန်ဈေးကြီးမြင့်မှုတွင် သိုလှောင်ဈေးကစားမှုကို အဓိကထိန်းသိမ်းရန် အခက်အခဲရှိနေကြောင်း သိရသည်။
“ကျွန်တော်တို့ ထိန်းဖို့ခက်ခဲတာက ဘာလဲဆိုရင် သိုလှောင် ဈေးကစားတဲ့သူတွေ။ သိုလှောင်ဈေးကစားတဲ့သူတွေက အများကြီးပဲ ဈေးကွက်ထဲမှာ။ သိုလှောင်ပြီးတော့ ဈေးကစားတဲ့သူတွေကြောင့် ဆန်ဈေးနှုန်းမတည်မငြိမ်ဖြစ်ရတယ်။ ဒါကြောင့်မို့ တစ်ခါတလေမှာလည်း ပြီးခဲ့တဲ့ကာလမှာလည်း စုံစမ်းစစ်ဆေးမှုတွေနဲ့ အရေးယူရတဲ့အပိုင်းတွေ ပေါ်ပေါက်လာတာ အားလုံးသိမှာပေါ့” ဟု ဦးရဲမင်းအောင်က ပြောသည်။
ပို့ကုန်အခြေပြုအရန်ဆန်ဆိုသည်မှာ ဆန်တင်ပို့သူ (Exporter) အနေဖြင့် ပြည်ပသို့ ဆန်တစ်တန်တင်ပို့ပါက ဆန်တစ်အိတ် ပေးသွင်းရသည့်စနစ်ဖြစ်သည်။ မြန်မာတစ်နိုင်ငံလုံးဖြန့်ဖြူးရန်အတွက် တစ်ပတ်လျှင် ဆန်အိတ်ရေ ၃ သိန်းဝန်းကျင်သာ လိုအပ်သည့်အတွက် ယခုဆန်အိတ်အရေ ၈ သိန်းသည် ဈေးကွက်ကို ထိန်းသိမ်းနိုင်မည့်ပမာဏဖြစ်ကြောင်း သိရသည်။
“ပို့ကုန်အခြေပြုအရန်ဆန်စနစ်ရှိပါတယ်။ အိတ်ရေအားဖြင့် ပြောရင်တော့ ၈ သိန်းဝန်းကျင်ရှိတယ်။ ဆန်အိတ်ရေ ၈ သိန်းဆိုတာ မြန်မာနိုင်ငံတစ်နိုင်ငံလုံး ခုနကပြောတဲ့ တကယ်ဖြန့်ဖြူးဖို့အတွက် လိုအပ်ချက်က တစ်ပတ်လောက်အတွင်းမှာ အိတ်ရေ ၂ သိန်း၊ ၃ သိန်းဆို ဈေးကွက်ကို ထိန်းလို့ရပါတယ်” ဟု ဦးရဲမင်းအောင်က ပြောသည်။
ပို့ကုန်အခြေပြုအရန်ဆန်စနစ်တွင် ပြည်ပတင်ပို့သည့် ၁၅ မှတ်အဆင့်ရှိ ဧည့်မထဆန်အမျိုးအစားကို အရန်ဆန်ဖြစ်ထားရှိခြင်းဖြစ်ပြီး စားသုံးသူရေးရာဦးစီးဌာနမှ ထုတ်ပြန်ထားသည့် ရည်ညွှန်းဆန်ဈေးနှုန်းအရ တစ်အိတ်ကို ကျပ် ၇၆,၀၀၀ ရှိသည့်အတွက် အခြေခံလူတန်းစားများ၏ လိုအပ်ချက်ကို အဓိက ဖြည့်ဆည်းနိုင်မည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် နွေစပါး၊ မိုးစပါးစိုက်ဧက စုစုပေါင်း ၁၇ သန်းခန့်စိုက်ပျိုးပြီး တစ်နှစ်လျှင် ဆန်တန်ချိန် ၁၄ သန်းဝန်းကျင်ထွက်ရှိနေခြင်းဖြစ်သည်။ ပြည်တွင်းစားသုံးမှုမှ ပိုလျှံသော ဆန်တန်ချိန် ၃ သန်းဝန်းကျင်အနက် တန်ချိန် ၂ သိန်းခွဲခန့်ကို ပြည်ပသို့ တင်ပို့ရန်လျာထားခြင်းဖြစ်သည့်အပြင် ပြည်ပသို့ တင်ပို့သည့် ဆန်အမျိုးအစားမှာလည်း ပြည်တွင်း စားသုံးသည့် ဆန်အမျိုးအစား မဟုတ်ဘဲ ဆန်ကြမ်းအမျိုးအစားကိုသာ တင်ပို့ခြင်းဖြစ်ကြောင်း သိရသည်။