◾ ပြည်ပခရီးသွားတွေအနေနဲ့ မြန်မာနိုင်ငံကိုလာရောက်လည်ပတ်ကြဖို့ Luke က အာမခံညွှန်းဆိုပေးထားပြီး ဒေသခံပြည်သူတွေကိုလည်း ကူညီထောက်ပံ့ပေးဖို့ တိုက်တွန်း
၂၇.၁၁.၂ဝ၂၄
Written by K Pyay Thein
မီဒီယာတွေမှာဖော်ပြနေသလို မြန်မာနိုင်ငံက သွားဖို့မသင့်တဲ့နိုင်ငံတွေမှာပါဝင်နေတယ်ဆိုတာမဟုတ်ဘူးလို့ ဩစတေးလျနိုင်ငံသား ခရီးသွားဘလော့ဂါ Luke က သူရဲ့မြန်မာခရီးစဉ်အပြီးမှာ ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံခရီးစဉ်အပြီး သူထုတ်လွှင့်တင်ဆက်ခဲ့တဲ့ နောက်ဆုံးဗီဒီယိုဖိုင်တစ်ခုမှာ မြန်မာနိုင်ငံဟာ ကမ္ဘာ့အန္တရာယ်ရှိတဲ့ (၁၀)နိုင်ငံစာရင်းမှာပါဝင်နေလို့ သူ့အနေနဲ့အစပိုင်း မြန်မာနိုင်ငံကိုလာရမှာကို ရင်တုန်နေခဲ့ပေမယ့် တကယ်ရောက်လာတဲ့အခါမှာတော့ သူကြားခဲ့ရတာတွေနဲ့ တခြားစီဖြစ်နေခဲ့ပြီး သူ့ခရီးစဉ်တစ်လျှောက်လုံးအဆင်ပြေချောမွေ့ခဲ့သလို မြန်မာနိုင်ငံဟာ တကယ်လှတဲ့နိုင်ငံဖြစ်တယ်လို့ Luke က ပြောပြခဲ့ပါတယ်။
ဒါကြောင့် ပြည်ပခရီးသွားတွေအနေနဲ့ မြန်မာနိုင်ငံကိုလာရောက်ကြဖို့ လုံခြုံတယ်ဆိုတာကိုလည်း Luke က အာမခံညွှန်းဆိုပေးထားပြီး ဒေသခံပြည်သူတွေကိုလည်း ကူညီထောက်ပံ့ပေးဖို့ တိုက်တွန်းပြောကြားခဲ့သလို ယခုခရီးစဉ်ဟာ အံ့သြစရာ၊ ပျော်ရွှင်စရာ၊ စိတ်၀င်စားစရာအရာတွေကိုအပြည့်ရခဲ့တယ်လို့လည်း Luke က ဆိုပါတယ်။
“ဒီညက မြန်မာပြည်မှာနေရတာ နောက်ဆုံးညဖြစ်တာကို ငါ့ရင်ထဲ လွမ်းသလိုမျိုးဖြစ်နေပါတယ်။ ငါ့ဘ၀မှာ ဒါဟာနောက်ဆုံးတစ်ခေါက်လည်း ဖြစ်သွားနိုင်ပါတယ်။ တကယ်ကောင်းတဲ့ခရီးစဥ်လေးပါ။ အံ့သြစရာ၊ ပျော်ရွှင်စရာ၊ စိတ်၀င်စားစရာအရာတွေ အပြည့်တွေ့ခဲ့ရပါတယ်။ တကယ်ကို အံ့သြစရာကောင်းတဲ့ လူတွေနဲ့လည်းကြုံရတယ်။ အရမ်းလှပတဲ့နိုင်ငံပါ။ တကယ်ကောင်းတဲ့ အတွေ့အကြုံတွေလည်း ရခဲ့ပါတယ်။ ငါမှတ်မိပါသေးတယ်။ လွန်ခဲ့တဲ့အပတ်က ငါ ဒီကိုစရောက်ခါစမှာ ဘန်ကောက်ကနေ ရန်ကုန် ဒီကိုလာတဲ့အခါမှာ စိတ်ပူစိတ်လှုပ်ရှားစရာတွေ ရှိခဲ့တယ်။ ငါရန်ကုန်မြေပေါ်ကို စရောက်တော့ အရမ်းအံ့အားသင့်မိတယ်။ ငါကြားထားတာတွေနဲ့ တခြားစီဖြစ်နေတယ်။ တချို့မီဒီယာတွေမှာဆိုရင် သွားဖို့မသင့်ဘူးလို့ ဘာညာပြောတာတွေတောင် ရှိပါတယ်။ ငါ ဒါတွေကိုသိပါတယ်။ ငါအရင်ကလည်း အဲ့လိုတားမြစ်ထားတဲ့ မသွားဘူးပြောတဲ့ မီဒီယာတွေမကောင်းဘူးပြောတဲ့ နိုင်ငံတော်တော်များများကို ငါသွားရောက်လေ့လာဘူးပါတယ်။ အကုန်လုံးလွဲမှားနေတယ်။ အခု မြန်မာနိုင်ငံလည်းအဲ့ဒီလိုပါပဲ။ ကျေးဇူးတင်ပါတယ်။ တကယ်ကိုကောင်းမွန်တဲ့ခရီးစဥ်လေးပါ။ လူတိုင်းဒီကိုလာဖို့ ငါအာမခံညွှန်းပေးပါတယ်။ လာပြီး ဒီကဒေသခံတွေကိုလည်း ကူညီထောက်ပံ့ပေးပါ။ လူတွေပြောထားသလောက် အန္တရာယ်ကြီးမရှိပါဘူး”လို့ ဩစတေးလျနိုင်ငံသား ခရီးသွားဘလော့ကာ Luke က မြန်မာနိုင်ငံခရီးစဉ်နဲ့ ပတ်သက်လို့ သူရဲ့သဘောထားအမြင်ကို ပြောပြခဲ့တာပါ။
ဩစတေးလျနိုင်ငံသား ခရီးသွားဘလော့ဂါ Luke ဟာ မြန်မာနိုင်ငံခရီးစဉ်အတွင်း ရန်ကုန်၊ ငွေဆောင်၊ ပုဂံနဲ့ မန္တလေးမြို့တို့ကို သွားရောက်လည်ပတ်ခဲ့တာဖြစ်ပြီး ရန်ကုန်မြို့မှာဆိုရင် ရွှေတိဂုံဘုရား၊ မဟာဗန္ဓုလပန်းခြံ၊ ဗိုလ်ချုပ်ဈေး၊ ကန်တော်ကြီး အပါအဝင် ဒလမြို့တို့ကို သွားရောက်လည်ပတ်ခဲ့သလို သူရဲ့ခရီးစဉ်တစ်လျှောက်မှာ မြန်မာ့လူနေမှုဘဝတွေကိုပါ လေ့လာခဲ့တာဖြစ်ပါတယ်။
“နိုင်ငံတ၀န်းမှာ စစ်ဖြစ်နေတာတွေရှိပါတယ်။ မန္တလေးမြို့နားမှာတောင် ဖြစ်နေတာတွေရှိပါတယ်။ ဒါပေမဲ့ မြို့အတွင်းမှာတော့ အဆင်ပြေကြပါတယ်။ အရမ်းကျေးဇူးတင်ပါတယ်။ ငါ့မြန်မာပြည်ခရီးစဥ်တစ်လျှောက်ကို လိုက်ပါကြည့်ရှုပေးလို့လည်း ကျေးဇူးပါ”လို့ Luke က သူ့ပရိသတ်တွေကို ကျေးဇူးတင်စကားပြောပြခဲ့ပါတယ်။
သူက အစတုန်းကတော့မြန်မာနိုင်ငံကိုလာရမှာကို ရင်တုန်နေခဲ့တယ်လို့ ပြောကြားထားခဲ့သလို သူဟာကမ္ဘာတစ်၀န်းခရီးတွေကို လှည့်ပတ်သွားလာနေတဲ့ နာမည်ကျော်ယူကျူဘာ ခရီးသွားဘလော့ဂါတစ်ဦးလည်းဖြစ်ပါတယ်။ သူဟာ ဘန်ကောက်ကနေ ရန်ကုန်ကိုလာရောက်ခဲ့တာဖြစ်ပြီး သူသွားဖူးတဲ့နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံဟာ စိတ်လှုပ်ရှားစရာ၊ ရင်တုန်စရာအကောင်းဆုံးဖြစ်ခဲ့တယ်လို့ ဆိုထားပါတယ်။
Luke ဟာ လူမှုကွန်ရက်ပလက်ဖောင်းတွေမှာ ဖော်လိုဝါတွေ သန်းချီရှိနေသူတစ်ဦးဖြစ်သလို သူဟာကမ္ဘာတစ်ဝန်းကို ခရီးသွားတဲ့အတွေ့အကြုံ (၅)နှစ်ရှိသူတစ်ဦးလည်းဖြစ်ပါတယ်။
မြန်မာနိုင်ငံခရီးစဉ်မစတင်မီမှာ Luke က ကန့်သတ်မှုတွေ ခြိမ်းခြောက်မှုတွေနဲ့ တားမြစ်ခံရမှုတွေရှိနိုင်မယ်လို့ ထင်ခဲ့ပေမယ့် ယခုခရီးစဉ်အတွင်း သူ့ဘလော့ဗီဒီယိုတွေကိုအများအပြားကိုလည်း အကန့်အသတ်မရှိ အဆင်ပြေပြေ ရိုက်ကူးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
Luke ဟာ သူရဲ့မြန်မာနိုင်ငံခရီးစဉ်အတွင်း နေထိုင်မကောင်းဖြစ်လို့ ရန်ကုန်မှာဆေးရုံ နှစ်ရက်တက်ခဲ့ရပြီး ဆေးကုသမှုခံယူခဲ့ရတာကိုလည်း သူရဲ့ဘလော့တစ်ခုမှာ ပြောကြားထားခဲ့ပါတယ်။
သူက ရန်ကုန်မြို့ပတ်ရထားကိုလည်းစီးနင်းခဲ့ပြီး မြန်မာ့လူမှုဘဝတွေကိုလေ့လာခဲ့သလို သူ့ခရီးစဉ်တစ်လျှောက်မှာလည်း မြန်မာလူထုနဲ့ရင်းရင်းနှီးနှီး သွားလာပြောဆိုဆက်ဆံမှုတွေကိုလည်း ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
Luke ရဲ့ မြန်မာခရီးစဉ် ဘလော့တင်ဆက်မှုတွေကိုလည်း မြန်မာနိုင်ငံက ပရိသတ်အများအပြားက ကြည့်ရှုအားပေးခဲ့ကြပါတယ်။
ကိုဗစ်ကာလအလွန် ၂ဝ၂၂ ခုနှစ်မှစလို့ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြည်ပခရီးသွားဧည့်သည်တွေ ပိုမိုတိုးတက်ဝင်ရောက်လာစေဖို့အတွက် မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ ဒေသတွင်းအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင် ရွက်နေတယ်လို့ ဟိုတယ်/ခရီးဝန်ကြီးဌာနက သိရပါတယ်။