၂၇.၁၁.၂၀၂၄
Written by Hey Mar
အိမ်က ဆန်ဝယ်ခိုင်းလို့ ထွက်ဝယ်ရာက ဘေးတွဲနဲ့ ဈေးကိုလာစဉ် ဘေးတွဲသမားက ကလေးရဲ့ နားကပ်၊ လက်စွပ်တွေ ချွတ်ယူသွားကာ လမ်းတစ်နေရာမှာ ချထားခဲ့လို့ လမ်းပျောက်နေတယ်ဆိုတဲ့ အသက်ခုနစ်နှစ်အရွယ် မိန်းကလေးငယ်ကို ဘေးမသီရန်မခဘဲ မိဘလက်ထံ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ လူမှုကူညီရေးအသင်းတွေနဲ့ သက်ဆိုင်ရာ ရပ်ကွက်တာဝန်ရှိသူတွေက အပ်နှံနိုင်ခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဉ်က မနေ့က နိုဝင်ဘာ ၂၆ ရက်နေ့က တောင်ဒဂုံမြို့နယ် အမှတ် (၂) လမ်းမပေါ် ၊ Denko ဆီဆိုင်ရှေ့မှာ အသက် ခုနစ်နှစ်ကျော်အရွယ် ကလေးတစ်ယောက် လမ်းပျောက်နေတာကို ဝိုင်းဝန်းကူညီကြသူ မိဘပြည်သူတွေက လူမှုကွန်ရက်ပေါ်တင်ကာ စုံစမ်းရှာဖွေတာကြောင့် ဒေသခံလူမှုကူညီရေးအသင်းတွေအပါအဝင် လူမှုကူညီရေးအသင်းတွေ စုပေါင်းဖွဲ့စည်းထားတဲ့ ကွန်ရက်တွေထဲရှာဖွေရာက ကလေးကို သိရှိသူပေါ်ပေါက်တာကြောင့် ၁၂ နာရီအတွင်း မိဘထံ အပ်နှံနိုင်ခဲ့တာလို့ သိရပါတယ်။
ဝန်းရံမှူးလူမှုကူညီရေးအသင်းတာဝန်ရှိသူက “ကလေးက ချက်ချာပါတယ်။ သူ့နေရာကို သူပြောပြတဲ့ အမှတ်အသားတွေအတိုင်းရှာဖွေတော့ အရှေ့ဒဂုံ ၁၁၉ ရပ်ကွက်ထဲကလို့ သိရတယ်။ ကလေးကိုသိတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတချို့လည်း ဆက်သွယ်လာကြတယ်ပေါ့။ အဲ့ဒါနဲ့ ည ၉ နာရီလောက်မှာ မိဘတွေဆီ ပြန်အပ်ပေးနိုင်ခဲ့ပါတယ်” လို့ MT News ကို ပြောပါတယ်။
ကလေးကို ချော့မော့မေးမြန်းရာမှာတော့ ကလေးက စိတ်ကူးယဉ်ဇာတ်လမ်းတွေနဲ့ သူလမ်းပျောက်နေတာကို ဝိုင်းဝန်းကူညီကြတဲ့ ချော့မော့ ဖေးမနှစ်သိမ့်ကြတဲ့အပေါ် သာယာနေဟန်လို့လည်း ကလေးစိတ်ပညာနဲ့ပတ်သက်လို့ နားလည်တတ်ကျွမ်းသင်ယူထားသူ လူမှုကူညီရေး အသင်းသားတစ်ဦးက ဆိုပါတယ်။ ကလေးရဲ့ နားကပ်နဲ့ လက်စွပ်ချွတ်သွားတာ မှန်မမှန် မသိရပေမယ့် မိဘတွေကတော့ ဆင်ယင်ထားခြင်းမရှိဘူးလို့လည်း ငြင်းတယ်လို့ ဆိုပါတယ်။
လူမှုကူညီရေးအသင်းတာဝန်ရှိသူတစ်ဦးက “ကလေးက အခုလိုပဲ အိမ်ကနေ ထွက်သွားတာ ၃၊ ၄ ခါရှိပြီ။ သူကို ပြန်လာပို့ကြတယ်။ မုန့်တွေ အရုပ်တွေနဲ့ နှစ်သိမ့်သွားကြတယ်။ ဒါကိုသာယာပုံရတယ်။ မိဘနှစ်ပါးစလုံးကလည်း အလုပ်လုပ်ကြတော့ ကလေး ကလေးချင်း ပြန်စောင့်ရှောက်ကြရပါတယ်။ အခုတော့ အန္တရာယ်ကင်းပါတယ်။ ချက်ချာတဲ့ ကလေးမို့ အကျိုးအပြစ်လေးတွေ သေချာပြောပြီး နောက်ဒါမျိုး မလုပ်အောင် အသိပေးဆုံးမခဲ့ပါတယ် “ လို့ ပြောပါတယ်။