၂၇.၁၁.၂၀၂၄
Written By Thandar
ကျေးလက်ဒေသခံ ဟာသဇာတ်လမ်းပုံစံ “သူနိုင်ကိုယ်နိုင်” ရုပ်ရှင်ဇာတ်ကားကြီး Premiere Show ကို နိုဝင်ဘာ ၂၆ ရက် ညနေပိုင်းက ရန်ကုန်မြို့ သမ္မတအဆင့်မြင့်ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။
“ကျွန်တော့် ဒီကားမှာ ပရိသတ်အကြိုက်တွေ့စေမယ့် ရွှေနှစ်ရွှေ အတွဲအဖက်လေးရယ်၊ မွန်မလေး နေဆန်းရယ်၊ ဝေလာလည်း အကောင်းဆုံးပုံဖော်ထားပါတယ်။ ရုပ်ရှင်ဇာတ်ကားကြီးမှာ အဓိက ဝက်လေးသုံးကောင်နဲ့ ပုံဖော်ထားပါတယ်။ ဝက်လေးတွေလည်း တော်တော်ပင်ပန်းရှာပါတယ်။ ဝက်လေးတစ်ကောင်ကတော့ ကိုခင်လှိုင်ပေါ့နော်။ ပုဂံဘက် ကျေးလက်ဒေသကို အခြေခံရိုက်ထားတာမို့ ပရိသတ်တွေ ရသတမျိုးရလိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်”လို့ ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး)က ပြောပါတယ်။
အားမာန်ရုပ်ရှင်ထုတ်လုပ်ရေးက ကိုနိုင်ဆွေ၊ မအေးမော်လေး စီစဉ်ထုတ်လုပ်တဲ့ ဒီရုပ်ရှင်ဇာတ်ကားကြီးကို ဇာတ်လမ်း ကိုရွှေ၊ ဇာတ်ညွှန်း မင်းကိုစိုး(နတ်သံကွင်း)ကရေးသားပြီး ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး) က သရုပ်ဆောင်တွေဖြစ်တဲ့ အကယ်ဒမီ ရွှေထူး၊ အကယ်ဒမီ ရွှေမှုန်ရတီ၊ ခင်လှိုင်၊ ဝေလာရီ၊ တက္ကသိုလ်ဂွမ်းပုံ၊ သွက်လက်၊ နေဆန်း(မွန်)၊ မိုးညို၊ ရန်ပြေ(ကျော်ကြီး)၊ သီဟ၊ သိန်းဇံ စတဲ့သူတွေနဲ့ ရိုက်ကူးပါဝင်ထားပါတယ်။
ဒီဇာတ်ကားရဲ့ ဇာတ်ဝင်တေးကို သီဆိုခဲ့တဲ့ တေးသံရှင် ရွှေမှော်က “အဆိုးလေး” တေးသီချင်းနဲ့လည်း သီဆိုဖျော်ဖြေခဲ့ကြပါတယ်။ “သူနိုင်ကိုယ်နိုင်” ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် နိုဝင်ဘာလ ၂၉ ရက်နေ့မှစတင်ပြီး မြန်မာတစ်ပြည်လုံး ရုံတင်ပြသမှာဖြစ်ပါတယ်။