၂၇. ၁၁. ၂၀၂၄
Written by Nay Moe
သတင်းပေး၊ လမ်းပြ၊ ပျူစောထီးဟုစွပ်စွဲကာ အမျိုးသားနှစ်ဦးကို နှစ်ရက်အတွင်းသတ်ဖြတ်လိုက်သည်ဟု NUG ၏ ဩဇာခံ ကြို့ပင်ကောက် PDF က ဝန်ခံချက်ထုတ်ပြန်လာသည်။
ကျူးလွန်မှုဖြစ်စဥ်များအဖြစ် နိုဝင်ဘာ ၂၅ ရက် ညနေ ၄ နာရီခွဲခန့်တွင် ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ လှေတုံးကျေးရွာအုပ်စု၊ စီကောက်ပင်ရွာမှ ဦးဝင်းအောင်အား ဆိုင်ကယ်စီးလာစဉ် ညောင်ဝိုင်ရွာအနီး၌ သာယာဝတီခရိုင်၊ တပ်ရင်း ၃၈၀၂၊ တပ်ခွဲ – (၁) Dragon Brothers (GBK- PDF) မှ ဦးခေါင်းတည့်တည့်အား သေနတ်ကျည် ၄ ချက်ဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ပြီး ၎င်းထံမှ ဖုန်း ၁ လုံးအား လုယက်သိမ်းဆည်းခဲ့ကြောင်း ဝန်ခံထားသည်။
ဦးဝင်းအောင်သည် လုံခြုံရေးတပ်ဖွဲ့များထံ ပြည်သူများအား သတင်းပေးတိုင်ကြား၍ ဖမ်းဆီးခိုင်းခြင်း၊ PDF များ၏ အချက်အလက်များအား ထောက်လှမ်းသတင်းပို့ခြင်း၊ အရာရှိများ အားကိုးဖြင့် ပြည်သူများ၏ နေအိမ်များအား ဖျက်ဆီးခြင်းနှင့် အမျိုးမျိုး ဖိနှိပ်ဒုက္ခပေးနေသောကြောင့် သတ်ဖြတ်သည်ဟုလည်း ကြို့ပင်ကောက် PDF က သတ်ဖြတ်လုယက်မှုအပေါ် ဆင်ခြေပေးသည်။
ထို့အပြင် ဦးကျော်လွင်ဦးဆိုသူတစ်ဦးကိုလည်း လုံခြုံရေးတပ်ဖွဲ့ကို လမ်းပြသည်ဟုဆိုကာ အောက်တိုဘာ ၂၆ ရက် နံနက် ၆ နာရီအချိန်တွင် နေထိုင်ရာ ဘော်ဘင်ရွာသို့ဝင်ရောက်ကာ ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ် BTZM GBK PDF ရိုးမအခြေပြုတပ်ဖွဲ့မှ သတ်ဖြတ်လိုက်သည်ဟု ဝန်ခံထားသည်။
ဦးကျော်လွင်ဦးသည် လုံခြုံရေးတပ်ဖွဲ့ အထိုင်ချထားသော ဘော်ဘင်ရွာ၌နေထိုင်ပြီး ပြည်သူများအား PDF နှင့် ဆက်သွယ်သည်ဟုဆိုကာ ဖမ်းဆီးစေရန် ညွှန်ပြခြင်း၊ ငွေညှစ်တောင်းခံခြင်း၊ လမ်းပြအဖြစ် ကိုယ်တိုင်ပါဝင်လိုက်နေခြင်းများ ပြုလုပ်နေ၍ သတ်ဖြတ်ရသည်ဟုလည်း စွပ်စွဲထားသည်။
ဦးဝင်းအောင်နှင့် ဦးကျော်လွင်ဦးအပေါ် NUG ဩဇာခံ ကြို့ပင်ကောက် PDF က သတ်ဖြတ်ရာတွင် စွပ်စွဲမှုများ မှန် မမှန် MT News က မြေပြင် အတည်မပြုနိုင်ဘဲ ကြို့ပင်ကောက် PDF က လူနှစ်ဦးကို သတ်ဖြတ်လုယက်ထားသည်ဟု ယင်းတို့၏ ဝန်ခံချက်ကိုသာ သတင်းဖော်ပြခြင်းဖြစ်သည်။