၂၇.၁၁. ၂၀၂၄
Written by Shwe Phyo
ထိုင်းနိုင်ငံ မယ်ဟောင်ဆောင် နယ်စပ်ဒေသအခြေအနေများသည် ပုံမှန်အတိုင်းသာဖြစ်ကြောင်း ထိုင်း အမှတ် (၃) တပ်မ၏ တပ်မှူးက နိုဝင်ဘာ ၂၆ ရက်နေ့က ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲအတွင်း ထုတ်ဖော်ပြောဆိုခဲ့သည်။
မြန်မာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သော “ဝ-UWSA” အဖွဲ့သည် ထိုင်းနိုင်ငံပိုင်နက်အတွင်း ကျူးကျော်ကာ ဝင်ရောက်တပ်စွဲထားသည်ဟု သတင်းများထွက်ပေါ်လာခဲ့ပြီးနောက် ထိုင်းစစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး Rungkhun Mahapanyawong က ထုတ်ဖော်ပြောဆိုလာခြင်းလည်း ဖြစ်သည်။
ထိုင်းစစ်တပ်၏ပြောရေးဆိုခွင့်ရှိသူက ချင်းမိုင်နှင့် မယ်ဟောင်ဆောင်နယ်စပ်ဒေသအခြေအနေများသည် ထိုင်းစစ်တပ်၏ မစ်ရှင်များနှင့်အညီ လုပ်ပိုင်ခွင့်၊ တာဝန်များအတိုင်း လုပ်ကိုင်လျက်ရှိနေကြောင်း၊ ထိုင်းနယ်စပ်ကော်မတီ၊ မယ်ဟောင်ဆောင်နယ်စပ်ဒေသ ကော်မတီအပါအဝင် အဖွဲ့အစည်းပေါင်းစုံနှင့် ချိတ်ဆက်ဆောင်ရွက်နေကြောင်း ပြောသည်။
အငြင်းပွားမှုပြဿနာများကို အဆုံးသတ်နိုင်ရန်အတွက် ပဋိပက္ခများကို အတူတကွ ဆွေးနွေးဖြေရှင်းသွားမည်ဖြစ်ကြောင်း၊ ထိုင်းစစ်တပ်အနေဖြင့် အစိုးရအချင်းချင်း ချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထိုင်းစစ်တပ်ပြောရေးဆိုခွင့်ရှိသူကပြောသည်။
ထိုင်းနယ်စပ်ဒေသဖြစ်သော ချင်းမိုင်နှင့်မယ်ဟောင်ဆောင်နယ်စပ်ဒေသအခြေအနေများက ပုံမှန်အတိုင်းဖြစ်နေသည့် အတွက် ဒေသခံများ၏ နေ့စဉ်ရှင်သန်နေထိုင်မှုများက ပုံမှန်အတိုင်းသာဖြစ်ပြီး နယ်စပ်ဒေသဆက်ဆံရေးက ကောင်း မွန်သောအခြေနေမျိုးရှိနေကြောင်း ထိုင်းစစ်တပ် ပြောရေးဆိုခွင့်ရှိသူကပြောသည်။
ထိုင်းနယ်စပ်တစ်လျှောက်ရှိနေသည့် UWSA ၏ တပ်စခန်းကိုးခုကို ၎င်းတို့နိုင်ငံနယ်နမိတ်အတွင်း ရှိနေသည့်အတွက် ဒီဇင်ဘာ ၁၈ ရက် နောက်ဆုံးထား ဖယ်ရှားပေးရန် ထိုင်းစစ်တပ်က ဖိအားပေးလာခဲ့ပြီး နိုဝင်ဘာလအတွင်း UWSA နှင့် ထိုင်းစစ်တပ်တို့ ချင်းမိုင်မြို့တွင် ဆွေးနွေးခဲ့ကြောင်း ပြီးခဲ့သောရက်ပိုင်းတွင် သတင်းများထွက်ပေါ်ခဲ့သလို “ဝ” ပြောရေးဆိုခွင့်ရှိသူဦးညီရန်းကလည်း အဆိုပါ နယ်စပ်တပ်စခန်းများမှာ မြန်မာပိုင်နက်သာဖြစ်ကြောင်းနှင့် အစိုးရချင်းသာဖြေရှင်းရမည်ဖြစ်၍ လက်ရှိတာဝန်ယူနေသော SAC အစိုးရကို တင်ပြထားကြောင်း ဖြေရှင်းထားသည်။
Ref ,MGRonline